တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံးနှင့် တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

ပုသိမ် အောက်တိုဘာ ၂၅

တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်းတွင် ကျင်းပပြုလုပ်သော ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးကျင်းပသည့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံးနှင့် တင်းနစ်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ ယမန်နေ့ နံနက်ပိုင်းက တက်ရောက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပဥ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြစ်ပါကြောင်း၊  အုပ်ချုပ်သူ၊ နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် မိမိတို့တိုင်းဒေသကြီးအတွက် အောင်မြင်မှုရရှိစေရန် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှကြိုးစားယှဉ်ပြိုင်ရန် တိုက်တွန်းလိုကြောင်း၊ အုပ်ချုပ်သူ၊ နည်းပြများ၏သင်ပြမှု၊ သွန်သင်မှု၊ ဆုံးမမှုများကို စည်းကမ်းတကျ လိုက်နာဆောင်ရွက်စေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး အနောက်တောင်တိုင်း စစ်ဌာနချုပ် စစ်တီးဝိုင်းအဖွဲ့နှင့် အားကစားအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ပါသည်။ ထို့နောက် ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန် (၄)ချက်ရွတ်ဆိုခြင်း၊ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြပြီး Sea Game ရွှေတံဆိပ်ဆုရှင် မမှုန်နံသာနှင့် ဧရာဝတီတိုင်းဒေသကြီး လက်ရွေးစင် မချောစုမျိုးတို့၏ တစ်ပင်တိုင်ရိုးရာခြင်း အလှခတ်ပြသမှုများနှင့် ဖွင့်ပွဲနေ့ပွဲစဉ်အဖြစ် ရိုးရာခြင်းလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် တင်းနစ်ပြိုင်ပွဲများအား ကြည့်ရှုအားပေးခဲ့သည်။

ကျော်ဟိန်း(ပြန်/ဆက်)