ဟင်္သာတမြို့ ပဒေသာစျေးနှင့်ဌေးဝင်းစျေးတို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းနှင့် မီး‌‌ဘေးအန္တရာယ်ကြိုတင်ကာရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဟင်္သာတ အောက်တိုဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်းရှိဈေးများတွင် မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံစစ်ဆေးခြင်းနှင် အသိပညာပေးခြင်းကို ယမန်နေ့ နေ့လည် ၁၁ နာရီက ​ပဒေသာစျေးကြီးနှင့် ဌေးဝင်းစျေးတို့၌ ဆောင်ရွက်ခဲ့ကြသည်။

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးအသိပညာပေးဆောင်ရွက်ရာတွင် ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုး၊ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဥက္ကာနှင့်တပ်ဖွဲ့ဝင်များ၊ မြိုနယ်စည်ပင်သာယာရေးတာဝန်ရှိသူများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စျေးကော်မတီများပူးပေါင်း၍ မီးဘေးအန္တရာယ်ကြောင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ မီးသတ်ဆေးဘူးများ အဆင်သင့်ထားရှိကြရန်၊ မိမိတို့စျေးများတွင် အသုံးပြုသော လျှပ်စစ်မီးကြိုးများ ဟောင်းနွမ်းနေပါကအသစ်လဲလှယ်ရန်၊ အမှိုက်နှင့်လောင်စာများအား စနစ်တကျစွန့်ပစ်ရေးနှင့်  မီးဘေးအန္တရာယ်ကြုံတွေ့လာပါက သက်ဆိုင်ရာ မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်မီအကြောင်းကြားရန် အသိပညာပေးဆောင်ရွက်ခဲ့ကြပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)