ကသာ အောက်တိုဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် (၃၁) ကြိမ်မြောက် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းမဟာဘုံကထိန်ပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီ အချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်စွာထွန်းက ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများအား (၃၁) ကြိမ်မြောက် မဟာဘုံကထိန်ပွဲကို ယခုနှစ်၌ တောရဘုန်းတော်ကြီးကျောင်းတွင် ကျင်းပနိုင်ရန်စီစဉ်ထားပါကြောင်း၊ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကော်မတီများဖွဲ့စည်းပြီး လူအင်အား၊ ငွေအင်အား ပူးပေါင်းပါဝင်ကြရန်၊ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိနေသော လုပ်ငန်းများရှိသည့် သက်ဆိုင်ရာ ဌာနများမှလည်း တင်ပြကြရန်လိုပါကြောင်းနှင့် ဌာန၏လုပ်ငန်းများကို အမြန်ပြီးစီးအောင် ဆောင်ရွက်ပေးဖို့ လိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်လှိုင်မြင့်က ကသာမြို့၏ နယ်မြေအခြေအနေနှင့် ပတ်သတ်သည်များကိုလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က ၁-၁၀-၂၀၂၄ မှ ၁၅-၁၀-၂၀၂၄ ရက်နေ့ထိ ရည်မှန်းထားသည့် အိမ်အကြောင်းအရာနှင့်သန်းခေါင်စာရင်းကောက်ကွက်များမှာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်စိုးက ဦးစီးကော်မတီဖွဲ့စည်းထားရှိမှုနှင့် ယခင်နှစ်ကုန်ကျငွေများ၊ ဌာနဆိုင်ရာများမှ အလှူငွေများထည့်ဝင်မှုအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းက ဆွေးနွေးတင်ပြချက်များနှင့် ပတ်သက်၍ (၃၁) ကြိမ်မြောက် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းမဟာဘုံကထိန် ကျင်းပသည့်နေရက်အတွင်း ကြီးကြပ်ကြပ်မတ်ဆောင်ရွက်ပေးရမည့် အခြေအနေများကို ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့ကြောင်းနှင့် အဆိုပါ အစည်းအဝေးသို့ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ဘုံကထိန်ပွဲကျင်းပရေး ဦးစီးကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)