ထားဝယ်မြို့တွင် ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

ထားဝယ် အောက်တိုဘာ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ် စာစောင်များတင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများနှင့် ဌာနဆိုင်ရာရုံးများသို့ သုတ/ ရသ စာအုပ်၊ စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ EDU Park ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် မီးသတ်ဦးစီးဌာနရုံးများရှိ ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်မိသားစုဝင်များ ငှားရမ်းဖတ်ရှုလိုသည့် သုတ/ရသ စာအုပ်၊ စာစောင်များ ငှားရမ်းပေးခဲ့ရာ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ပြီး စာပေဝါသနာရှင်များနှင့် စာဖတ်ပရိသတ်များ ငှားရမ်းဖတ်ရှုလိုပါက ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ မည်သူမဆို လာရောက် အခမဲ့ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။

ရွေ့လျားစာကြည့်တိုက် Mobile Library Bus တွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတ များစွာရရှိမည့် သုတ/ ရသ စာအုပ်၊ စာစောင်များ (၄၀၀) အုပ်ပါရှိပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို (၃) ရက်လျှင် တစ်ကြိမ်လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ကျော်လတ်