မအူပင် အောက်တိုဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကျောင်းသားလူငယ်လူရွယ်များ အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာမကြီးက အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် စာပေဖတ်ရှုလေ့လာလိုက်စားခြင်း၏ အကျိုးကျေးဇူးများ၊ စာပေဆိုင်ရာအကြောင်းအရာများနှင့် လူကုန်ကူးမှုအန္တရာယ်တိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ အကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုအန္တရာယ် တိုက်ဖျက်ရေးအသိပညာပေးနံရံကပ်စာစောင်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ရှင်းလင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)