ကန့်ဘလူမြို့ အ.ထ.က(၁)၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ကန့်ဘလူ အောက်တိုဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အသိပညာပေးဟောပြောပွဲ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ကျောင်းသား၊ ကျောင်းသူများ စာပေဗဟုသုတတိုးပွားလာရေး၊ ဘက်စုံထူးချွန်သော ကျောင်းသားလူငယ်များဖြစ်လာစေရေး၊ မိမိရိုးရာယဥ်ကျေးမှုကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရန်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူးများကို  အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေးစာအုပ်စာစောင်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စာစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)