ဘိုကလေး အောက်တိုဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ဒေသအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေးတို့ကိုရည်ရွယ်၍ ယနေ့နံနက် (၉)နာရီခွဲ အချိန်တွင် တာဝန်ရှိသူများက မြို့နယ်တွင်းရှိ ဆန်စက်များ၊ ဆန်ဂိုထောင်များ၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များ၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား မီးသုံးစွဲမှုနှင့် ပတ်သတ်၍ ကြပ်မတ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
စစ်ဆေးရာတွင် မြို့နယ်မီးဘေးတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်း၊ အဖွဲ့ဝင်ဘိုကလေးမြို့မစခန်းမှူး၊ ဒုရဲမှူးကျော်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များက မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးထွန်းအောင်အပါအဝင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းကာ ဆန်စက်များ၊ ဆန်ဂိုထောင်များ၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များ၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ၌ လျှပ်စစ်မီးသွယ်တန်းသုံးစွဲမှုအခြေအနေများ၊ လောင်စာမီးသုံးစွဲမှုအခြေအနေများ၊ မီးဘေးကြိုတင်ကာကွယ်ရေးအသုံးအဆောင်၊ ကိရိယာများထားရှိမှုအခြေအနေများအား စစ်ဆေးကြပ်မတ်၍ မီးသတ်ဆေးဗူးအသုံးပြုနည်းအား လက်တွေ့သရုပ်ပြကာ မီးဘေးလုံခြုံရေးအတွက်လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)