မင်းဘူး (စကု) မြို့နယ်၌ ပဲတီစိမ်းသီးနှံ ဧက ၁၇၀၀၀ ကျော် စိုက်ပျိုးအောင်မြင်

မင်းဘူး အောက်တိုဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်၌ ပဲတီစိမ်းသီးနှံကို ၂၈၁၂၈ ဧက စိုက်ပျိုးရန် လျာထားကာ ၁၇၅၉၈ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ခင်းများလည်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြာင်း မင်းဘူးမြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိုးပဲတီစိမ်းကို ဇွန်၊ ဇူလိုင်၊ ဩဂုတ် စသည်ဖြင့် နွေနှမ်းများ ရိတ်သိမ်းပြီးသည့်အချိန်နှင့် ရေရရှိသည့်အပေါ် မူတည်ပြီး အမျိုးမျိုးစိုက်ပျိုးကြကာ အထွက်နှုန်း‌ကောင်းပြီး တစ်ဧက တင်း ၂၀ ပန်းတိုင်အထွက်နှုန်း ပြည့်မီရေးအတွက် ပိုးမွှားဒဏ်ခံနိုင်ရန် စိုက်ပျိုးရေးခြံများမှ ထုတ်လုပ်သည့် ရေဆင်း ၁၁ မျိုးနှင့် ရေဆင်း ၁၄ မျိုးများကို စိုက်ပျိုးစေပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက သီးနှံများ အထွက်တိုးစေရန်အတွက် တောင်သူများကို စည်းရုံး၍ စိုက်ပျိုးရေးနည်းစနစ်များကို အသိပညာပေး ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။ 

မင်းဘူး(စကု)မြို့နယ်တွင် ပြီးခဲ့သည့်မိုးရာသီတွင် မိုးရွာသွန်းမှု နောက်ကျခြင်းများ ရှိခဲ့သော်လည်း မိုးလယ်နှင့် မိုးနှောင်းကာလများတွင် မိုးကောင်းစွာ ရွာသွန်းခဲ့တာကြောင့် မိုးသီးနှံများဖြစ်သည့် နှမ်း၊ ကုလားပဲ၊ နေကြာ၊ ပဲတီစိမ်း၊ မြေပဲ စသည့်သီးနှံများကို စိုက်ပျိုး၍ အောင်မြင်ကာ အထွက်နှုန်းများလည်း ‌ကောင်းကြကြောင်း သိရသည်။         

ဇေယျာထက်(မင်းဘူး)