လှိုင်းဘွဲ အောက်တိုဘာ ၂၄
ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်နယ်ပြည်သူ့ဆေးရုံးကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုဆရာ၊ ဆရာမများစုပေါင်း၍ လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာ အထက်ဘုန်းတော်ကြီးကျောင်း၌ စက်တင်ဘာလအတွင်းက ရေဘေးသင့်ခဲ့ကြရသည့်ပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုအကူအညီများ ပံ့ပိုးဆောင်ရွက်ပေးနိုင်စေရေးအတွက် ယမန်နေ့က ကွင်းဆင်းဆေးကုသပေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ဆေးရုံအုပ်ကြီး ဒေါက်တာရန်အောင်ဦးစီး၍ အထူးကုဆရာဝန်ကြီး(၆)ဦး၊ သူနာပြုအုပ်၊ အထက်တန်းသူနာပြု၊ သူနာပြု၊ အကူသူနာပြု စုစုပေါင်း ၁၇ ဦးတို့က ရွှေဂွန်းကျေးရွာအုပ်စုအတွင်းရှိ ရေဘေးသင့်ခဲ့ကြရသည့်ဒေသများမှ ပြည်သူများအား ဆေးကုသမှုပေးခဲ့ကြရာ အထွေထွေရောဂါ လူနာ(၁၃၉)ဦး၊ ခွဲစိပ်လူနာ (၂၇)ဦး၊ သွားနှင့်ခံတွင်းလူနာ(၃၈)ဦး၊ မျက်စိလူနာ(၂၃၂)ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းလူနာ(၄၈)ဦး၊ အရေပြားလူနာ(၉၅)ဦး၊ စုစုပေါင်းလူနာ(၅၇၉)ဦးတို့ကို အခမဲ့ဆေးကုသပေးခဲ့ကြသည်။
ပြည်နယ်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၏ နယ်လှည့်ကွင်းဆင်းဆေးကုသပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာ၌ လှိုင်းဘွဲမြို့နယ်ဆေးရုံးနှင့် ရွှေဂွန်းတိုက်နယ်ဆေးရုံတို့မှ ဆရာဝန်နှင့်သူနာပြုဆရာ၊ ဆရာမများက ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
လင်းသန့်(ပြန်/ဆက်)