ဟင်္သာတ အောက်တိုဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝန်းအတွင်း၌ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူကြသော နိုင်ငံဝန်ထမ်း(အငြိမ်းစား) ပင်စင်စားများအား အခမဲ့ကျန်းမာရေးဆောင်ရွက်ပေးမှုနှင့်အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါနေရာ၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် တာဝန်ရှိသူများ၊ မြို့နယ်ဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်းနှင့် ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များက လိုအပ်သော ကူညီစောင့်ရှောက်မှုများ လိုက်လံဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေခြည်ထက်ထက်လင်းအောင်ဦးဆောင်၍ ခရိုင်/မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ သူနာပြုများ၊ လူမှုရေးအသင်းအဖွဲ့များက နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား မှတ်တမ်းစာရင်းရေးသွင်း၍ သွေးပေါင်ချိန်ခြင်း၊ ဆီးချို၊ သွေးချိုစစ်ပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်တိုင်းတာခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး အထွေထွေရောဂါလူနာများအား လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ဟင်္သာတမြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြို့နယ်စားသုံးသူရေးရာ၊ မြို့နယ်မွေးမြူရေးလုပ်ငန်းရှင်များအသင်းတို့မှ ပင်စင်စားများအား ဆီတစ်ပိဿာလျှင် (၆,၈၅၀)ကျပ်နှုန်းဖြင့် ဆီ(၁၅၀)ပိဿာအားလည်းကောင်း၊ ကြက်ဥ(၁)လုံးလျှင် (၃၈၀)ကျပ်နှုန်းဖြင့် အလုံးရေ(၁၅၀၀)တို့အားလည်းကောင်း အသီးသီး ရောင်းချပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)