ပွင့်ဖြူ အောက်တိုဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး(CPU)အဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး(CPU)အဖွဲ့ခေါင်းဆောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က အမှာစကားပြောကြားရာတွင် အဂတိလိုက်စားမှုသည် ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ အဟန့်အတားတစ်ခုဖြစ်ကာ ကိုယ်ကျင့်တရား ထိခိုက်ပျက်ယွင်းမှုကို ဖြစ်စေနိုင်ကြောင်း၊ တစ်နည်းအားဖြင့် အဂတိလိုက်စားခြင်းသည် အကျိုးအမြတ်ကို တွက်ချက်ပြီး ကျူးလွန်သည့် ရာဇဝတ်မှုတစ်ခုပင်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုကြောင့် လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တ ပျက်စီးခြင်း၊ မျှတမှုရှိသည့် ယှဉ်ပြိုင်လိုစိတ်များ လျော့နည်းလာခြင်း၊ ကိုယ်ရည်ကိုယ်သွေးများ ကျဆင်းလာခြင်းကို ဖြစ်စေသည့်အပြင် နိုင်ငံဖွံ့ဖြိုး တိုးတက်မှုကိုလည်းများစွာ ထိခိုက်နစ်နာမှု ဖြစ်စေပါကြောင်း၊ ထို့ကြောင့် လူတစ်ဦးချင်းစီတိုင်း အဂတိတရား(၄)ပါး ကင်းရှင်းပြီး ကောင်းမွန်သော နိုင်ငံ့ဝန်ထမ်းများ/လူပုဂ္ဂိုလ်များ ဖြစ်လာစေရန် ယခုကဲ့သို့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများကို စီစဉ်ကျင်းပ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ဆွေးနွေးပွဲမှ ရရှိလာသည့် အသိပညာဗဟုသုတများကို ကိုယ်တိုင်သိရှိနားလည်ကာ မိမိမှတစ်ဆင့် မိမိတို့ပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ထပ်ဆင့်မျှဝေကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ရှင်းလင်းပြောကြား သည်။
ဆက်လက်၍ မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU) အဖွဲ့ဝင် မြို့နယ်ဥပဒေအရာရှိ ဒေါ်နော်အယ်နီးထာစိုးက အဂတိလိုက်စားမှု မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရမည့်အချက်များနှင့် ကျူးလွန်ပါက အရေးယူခံရမည့် လုပ်ထုံးလုပ်နည်း၊ ဥပဒေနည်းဥပဒေများကိုလည်းကောင်း၊ မြို့နယ်စာရင်း စစ်အရာရှိ ဒေါ်ခင်ဌေးစီက ဌာနဆိုင်ရာလုပ်ငန်းများ၏ ခွင့်ပြုရန်ပုံငွေဖြင့် အသုံးစရိတ်များအပေါ် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဂတိတရား (၄)ပါး ကင်းရှင်းရေး လိုက်နာရန်အချက်များကို လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူရက ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာ၌ အဂတိတရား ကင်းရှင်းရေး လိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန်များကိုလည်းကောင်း၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး အောင်ကျော်ဌေးက အဂတိလိုက်စားမှု ကျူးလွန်ပါက အရေးယူခံရမည့် ပြစ်မှု၊ ပြစ်ဒဏ်များကိုလည်းကောင်း၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်ဇာလီဖြိုးက နိုင်ငံတော်အခွန် ထမ်းဆောင်သည့် လုပ်ငန်းရှင်များအနေဖြင့် အခွန်ဘဏ္ဍာငွေ ကောက်ခံမှုအပေါ် အဂတိတရားကင်းစွာဖြင့် ဆောင်ရွက်ရန်အချက်များကိုလည်းကောင်း ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများက အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများ၊ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများနှင့်စပ်လျဉ်းပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး(CPU)အဖွဲ့ခေါင်းဆောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)