ရှမ်းရွာသစ် အောက်တိုဘာ ၂၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့သည် တောင်ပေါ်ဒေသဖြစ်၍ မိုးရာသီကာလတွင် တောင်ကျရေများ စီးဆင်းမှုကြောင့် မြေပြိုခြင်းနှင့် ရေကြီးမှုများဖြစ်ပေါ်တတ်သဖြင့် ကျောင်းသား၊ ကျောင်းသူများ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာမြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးနှင့် စာထောက်-၃ ဒေါ်နော်မုနော်ဂေတို့က ရေကြီးမှုဖြစ်ပေါ်လာပါ က လိုက်နာရမည့်အချက်များ၊ ရေမကြီးမီကြိုတင်ပြင်ဆင်ရမည့်အချက်များနှင့် သစ်တော သစ်ပင် ထိန်းသိမ်းခြင်းဆိုင်ရာ သိကောင်းစရာများကို ကျောင်းသား၊ ကျောင်းသူများအား စကောကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးဟောပြောပြီးနောက် သဘာဝဘေးအန္တရာယ်များဖြစ်သော မြေပြိုဘေး၊ ငလျင်ဘေး၊ ရေဘေးအသိပညာပေး အချက်များပါဝင်သည့် အသိပညာပေးနံရံကပ်စာစောင်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများ ပြသဆောင်ရွက်ထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးအနေဖြင့် ဒေသနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ ဆောင်ရွက်ခြင်းကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)