အင်္ဂပူ အောက်တိုဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ ဈေးများတွင် ပွင့်လင်းရာသီ၌ မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် စစ်ဆေးအသိပညာပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့မဈေး၌ဆောင်ရွက်ခဲ့ကြသည်။
မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးအသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းသိန်းနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိဦး နေမျိုးအောင်နှင့် ဝန်ထမ်းများပူးပေါင်း၍ မီးဘေးအန္တရာယ်ကြောင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက်မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ မီးသတ်ဆေးဘူးများ အဆင်သင့်ထားရှိကြရန်၊ မိမိတို့စျေးများတွင် အသုံးပြုသော လျှပ်စစ် မီးကြိုးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ်ရန်၊ အမှိုက်နှင့် လောင်စာများအား စနစ်တကျ စွန့်ပစ်ရေးနှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက သက်ဆိုင်ရာ မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်မီအကြောင်းကြားရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများသည် အင်္ဂပူမြို့ အမှတ် (၃)ရပ်ကွက်ရှိ ဟင်္သာတ-ကြံခင်းကားလမ်းမဘေး၌ “မိသားစုတိုင်းပျော်ရွှင်ဖို့ မီးဘေးအန္တရာယ်ကာကွယ်စို့” အသိပညာပေးဆိုင်းဘုတ် စိုက်ထူးပွဲသို့ တက်ရောက်အားပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက အသိပညာပေး ဆိုင်းဘုတ်အား အမွှေးနံသာရည်များ ပက်ဖျန်းပေးခဲ့ပြီး ပြည်သူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်လမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)