ပွင့်ဖြူ အောက်တိုဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပြည်တွင်း စားသုံးဆီဖူလုံပိုလျှံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်စိုက်ပျိုးသည့် မြေပဲ၊ နှမ်း၊ နေကြာဆီထွက်သီးနှံစုံ ၂၆၁၀၇ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပြည်တွင်းစားသုံးဆီ ဖူလုံပိုလျှံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်အတွက် မြေပဲ ၃၆၁၉ ဧက၊ နှမ်း ၂၄၇၂၀ ဧက၊ နေကြာ ၁၀၄၆ ဧက ၊ စုစုပေါင်း ဆီထွက်သီးနှံစုံ ၂၉၃၈၅ ဧက စိုက်ပျိုးထားရှိကြောင်း သိရပြီး ယခုအခါ ဆီထွက်သီးနှံစိုက်ခင်းများမှာ ရိတ်သိမ်းခြွေလှေ့ချိန် ရောက်ရှိလာပြီဖြစ်၍ ဒေသခံတောင်သူများက ဆောင်းသီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် စက်တင်ဘာလဆန်းပိုင်းကစပြီး ရိတ်သိမ်းခြွေလှေ့ခဲ့ရာ ယနေ့ထိ ဆီထွက်သီးနှံစုံ ၂၆၁၀၇ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
“ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း စားသုံးဆီ ဖူလုံပိုလျှံစေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေ တိုးပွားစေရန် ရည်ရွယ်ပြီး မြေပဲ ၁၆၆၁ ဧက၊ နှမ်း ၁၃၃၉၅ ဧက၊ နေကြာ ၉၃၀ ဧက၊ စုစုပေါင်း ဆီထွက်သီးနှံစုံ ၁၅၉၈၆ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာ မြေပြင်စိုက်ပျိုးနိုင်မှု မြေပဲ ၃၆၁၉ ဧက နှမ်း ၂၄၇၂၀ ဧက၊ နေကြာ ၁၀၄၆ ဧက၊ စုစုပေါင်း ဆီထွက်သီးနှံစုံ ၂၉၃၈၅ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ဆီထွက်သီးနှံစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး တောင်သူတွေကို သီးနှံအထွက်နှုန်းများ တိုးတက်စေဖို့အတွက် ဒေသနဲ့ ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်များ ဝယ်ယူစိုက်ပျိုးနိုင်အောင် ချိတ်ဆက်ဆောင်ရွက်ပေးပါတယ်။ ယခုဆိုရင် ဆီထွက်သီးနှံစိုက်ခင်းတွေက ရိတ်သိမ်းခြွေလှေ့ချိန် ရောက်ရှိပြီဖြစ်လို့ တောင်သူတွေက ဆောင်းသီးနှံ ပြန်လည်စိုက်ပျိုးနိုင်ဖို့အတွက် စက်တင်ဘာလ ပထမပတ်ကစပြီး ရိတ်သိမ်းခြွေလှေ့နေကြပါတယ်။ သီးနှံများ ရိတ်သိမ်းခြွေလှေ့ရာတွင် အထွက်နှုန်းတွေ လျော့နည်းမှုမရှိစေဖို့ စိုက်ပျိုးရေးဦးစီးဌာနကအချိန်မီ သီးနှံရိတ်သိမ်းခြွေလှေ့နည်း စနစ်များ၊ ရိတ်သိမ်းပြီးသီးနှံများ အရည်အသွေး ကောင်းမွန်စေ ရန် အမိုးအကာအောက် စနစ်တကျ သိုလှောင်ထိန်းသိမ်း နည်းစနစ်များကို ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ သီးနှံအထွက်နှုန်းအနေနဲ့ မြေပဲသီးနှံ တစ်ဧက ၅၄ ဒသမ ၆၈ တင်း၊ နှမ်းသီးနှံ တစ်ဧက ၈ ဒသမ ၉၆ တင်း၊ နေကြာသီးနှံ တစ်ဧက ၁၉ ဒသမ ၃၂ တင်း ထွက်ရှိပါတယ်”ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် နှစ်စဉ် မိုးသီးနှံ စိုက်ပျိုးရာသီတွင် ဈေးကွက်ရှိသည့် မြေပဲ၊ နှမ်း၊ နေကြာဆီထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းကို အားထား စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရပြီး တောင်သူများ သီးနှံစိုက်ပျိုးရာ၌ လျာထားဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သော မျိုးကောင်းမျိုးသန့် မျိုးစေ့များရရှိရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ သွင်းအားစုပစ္စည်းများ စနစ်တကျ သုံးစွဲတတ်စေရေးနှင့် သီးနှံပိုးမွှားရောဂါ မကျရောက်စေရေး၊ စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ အလုံအလောက်ရရှိရေးစသည့် တောင်သူပညာပေးလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနက သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်းပြီး ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့သဖြင့် ဆီထွက်သီးနှံ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ အထွက်နှုန်းများ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)