မကွေး အောက်တိုဘာ ၂၄
မကွေးမြို့၊ မကွေးတက္ကသိုလ်ဆေးရုံတွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိစေရေးနှင့် စိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် အခမဲ့ဆေးကုသပေးခြင်းကို ဖွင့်လှစ်ဆောင်ရွက်ထားရှိရာ ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား အခမဲ့ဆေးကုသပေးခြင်းနှင့် တစ်ဦးလျှင် ဆန်(၃)ပြည်၊ ဆီ(၁)ပိဿာတို့အား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မကွေးတက္ကသိုလ်ဆေးရုံတွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား တိုင်းပြည်သူ့ဆေးရုံကြီး အထူးကုဆရာဝန်ကြီးများမှ အခမဲ့ဆေးကုသဆောင်ရွက်နေမှုအား လှည်လည်ကြည့်ရှု၍ ဆေးဝါးကုသမှုခံယူနေသူ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာဌာနအသီးသီးနှင့်ပေါင်းစပ်ပြီး တိုင်းဒေသကြီးအတွင်း ပြည်သူလူထုများ အကျိုးရှိမည့်လုပ်ငန်းတွေကို စဉ်ဆက်မပြတ် ကြိုးစားစီမံပေးလျက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လူတိုင်းသက်တမ်းစေ့ အနာရောဂါကင်းဝေးစေရေးနှင့် ရောဂါဘယများကို ကြိုတင်ကာကွယ်ကုသနိုင်ရေး လုပ်ငန်းစဉ်များမှာလည်း ဦးစားပေးအုပ်စုများ၊ ဦးတည်အုပ်စုများ ရွေးချယ်ချမှတ်ပေးပြီး သာတူညီမျှရှိသည့် ကျန်းမာရေးစနစ်တစ်ခုအား စံနမူနာဖြစ်စေရန် ဦးဆောင်မှုပေးလျက်ရှိပါကြောင်း၊ ယခုဆိုလျှင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းတွေအနေနှင့် မကွေးမြို့ရှိ မကွေးတက္ကသိုလ်ဆေးရုံမှာ အတွင်းလူနာအဖြစ် တက်ရောက်ကုသမှုခံယူသည့်အခါ အခမဲ့ကုသမှုပေးနိုင်အောင် နည်းမျိုးစုံနှင့် ပံ့ပိုးကူညီပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား တစ်ဦးလျှင် ဆန်(၃)ပြည်၊ ဆီ(၁)ပိဿာတို့အား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှုအားပေးသည်။
မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံ့တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် (အငြိမ်းစား)များ ဆေးကုသမှုကုန်ကျစရိတ်သက်သာစေရန်နှင့် စနစ်တကျဆေးကုသမှုခံယူနိုင်ရန်အတွက် အခမဲ့ဆေးကုသခြင်းအစီစဉ်ကို လစဉ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး အခမဲ့ဆေးကုသမှုကို အထူးကုဆရာဝန်ကြီးများပါဝင်သည့် မျက်စိအထူးကုဆရာဝန်ကြီး၊ အထွေထွေရောဂါကုဆရာဝန်ကြီးများမှ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများအပြင် ဆက်လက်ကုသရန်လိုအပ်သော လူနာများကိုလည်း တိုင်းပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကာ ဆေးကုသမှုများ ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား အခမဲ့ဆေးကုသပေးခြင်းကို မကွေးမြို့နယ်အပြင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးတွင် လစဉ်ပင်စင်ထုတ်ရက်များအတွင်း ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အခြေခံစားသောက်ကုန်များကိုလည်း ဆက်လက်ပြီး ပိုမိုထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်ညီညာ