မကွေး အောက်တိုဘာ ၂၃
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ၊ ယမန်နေ့ နံနက်ပိုင်းက မကွေးခရိုင်၊ မကွေးမြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာနနှင့်စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် မြေပဲသီးနှံမျိုးဗီဇနှင့်ပတ်ဝန်းကျင်တို့၏ အပြန်အလှန်တုန့်ပြန်မှုကိုလေ့လာခြင်း စမ်းသပ်ကွက်ဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေးကာ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မကွေးမြို့နယ် ဘုရားပြိုကျေးရွာ တောင်သူဒေါ်သန်းနွဲ့ မြေပဲစိုက်ကွင်းသို့ရောက်ရှိပြီး၊ စိုက်ကွင်းအတွင်း စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် မြေပဲသီးနှံမျိုးဗီဇနှင့် ပတ်ဝန်းကျင်တို့၏အပြန်အလှန်တုံ့ပြန်မှုကို လေ့လာခြင်းစမ်းသပ်ကွက်ဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေးပြီး၊ ယာယီရှင်းလင်းဆောင်တွင် ဒေသခံတောင်သူများနှင့်တွေ့ဆုံရာ၊ စိုက်ပျိုးရေးဦးစီးဌာ၊ တိုင်းဒေသကြီဦးစီးမှူးနှင့် တာဝန်ရှိသူတို့က မြေပဲ၊ နှမ်း၊ နေကြာ၊ ဝါနှင့် ကြံသီးနှံများ၏ သက်တန်းအလိုက်ရေသွင်းခြင်း၊ ပေါင်းနှိမ်နင်းခြင်းနှင့် မြေသြဇာကျွေးခြင်းဆောင်ရွက်သည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသနှင့်ကိုက်ညီသော မြေပဲသီးနှံများတိုးချဲ့ စိုက်ပျိုးရေး၊ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးတို့အတွက် ယခုနှစ် မိုးရာသီနှင့် မိုးနှောင်းရာသီမှာ တိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း(မကွေး၊ နတ်မောက်၊ တောင်တွင်းကြီး) ၃ နေရာနှင့် ဧရာဝတီမြစ်အနောက်ဘက်ခြမ်း(မင်းဘူး၊ ပွင့်ဖြူ၊ မင်းလှ) ၃ နေရာ၊ စုစုပေါင်း (၆)နေရာမှာ မြေပဲသီးနှံမျိုးဗီဇနှင့် ပတ်ဝန်းကျင်တို့၏ အပြန်အလှန်တုန့်ပြန်မှုကို လေ့လာခြင်းစမ်းသပ်ကွက်များဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြေပဲသီးနှံတစ်ဧက အထွက်တိုးရန်အတွက် အထွက်တိုးသည့်စနစ်များဖြစ်သည့် အပင်ဦးရေပြည့်မီစွာ စိုက်ပျိုးရေး၊ အစေ့အဆံပြည့်၀စေရန်အတွက် ကျောက်မှုန့်ထည့်သွင်းအသုံးပြုရန်၊ EM ရရှိအောင် EM ကို ရေနဲ့ရောစပ်၍ နှမ်းရိုး၊ မြေပဲရိုးများကို ဆွေးမြေ့စေပြီး၊ မြေဆွေးပုံပြုလုပ်ရန်နှင့် စိုက်ခင်းများတွင် ထည့်သွင်းအသုံးပြုပါက ငွေကြေးကုန်ကျမှုသက်သာပြီး အထွက်တိုးမည်ဖြစ်ကြောင်း တောင်သူအသိပညာပေးပြောကြားကာ၊ ဒေသခံများ၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်မှုတင်ပြချက်များအပေါ်လိုအပ်သည်များကို ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်ညီညာ