ကျွန်းလှမြို့နယ်တွင် ဆောင်းသီးနှံ ပဲမျိုးစုံ  ဧက ၁၉၀၀၀ ကျော် စိုက်ပျိုးရန်လျာထား

ကျွန်းလှ အောက်တိုဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ရာသီအလိုက် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် ဆောင်းရာသီ၌ ပဲမျိုးစုံ ဧက ၁၉၀၀၀ ကျော် စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံစိုက်ပျိုးမှုအဖြစ် မတ်ပဲ ၁၁၇၂၅ ဧက၊ စားတော်ပဲ ၅၂၅၅ ဧက၊ ပဲရာဇာ ၄၂၉ ဧက၊ စွန်တာပြာ ၂၁၃၁ ဧက၊ ကုလားပဲ ၂၃၉ ဧက၊ ထောပတ်ပဲ ၁၈ ဧက တို့ကို စိုက်ပျိုးရန်လျာထားသည်။

“ ကျွန်းလှမြို့နယ်မှာ ဒီနှစ် ဆောင်းရာသီ ပဲမျိုးစုံစိုက်ပျိုးဖို့ ၁၉၇၉၇ ဧကလျာထးပါတယ်။ ပဲမျိုးစုံကို ဆောင်းရာသီမှာ အဓိကထား စိုက်ပျိုးကြပါတယ်။ သီးထပ် သီးညှပ်စိုက်ပျိုးကြဖို့ တောင်သူတွေနဲ့ ဆွေးနွေးလျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

အဆိုပါ ပဲမျိုးစုံစိုက်ပျိုးကြသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ GAP နည်းစနစ်ဖြင့်စိုက်ပျိုးရေးစသည့် စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို