ပွင့်ဖြူ အောက်တိုဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားဖိုဆောင်သီးနှံ ၂၅၅၇ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေကပြောပြ၍ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ တောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန်နှင့် သီးနှံစိုက်ပျိုး စွမ်းအားတိုးတက်စေရန် ရည်ရွယ်၍ စားဖိုဆောင်သီးနှံများဖြစ်သည့် ငရုတ်စို ၁၂၀ ဧက၊ ငရုတ် အခြောက် ၁၂၈၅ ဧက၊ ကြက်သွန်နီ ၁၁၂၄ ဧက၊ ကြက်သွန်ဖြူ ၂၈ ဧက၊ စုစုပေါင်း စားဖိုဆောင်သီးနှံစုံ ၂၅၅၇ ဧက စိုက်ပျိုးသွားရန် လျာထားရှိပြီး သတ်မှတ်စိုက်ဧကပြည့်မီရေးအတွက် နိုဝင်ဘာလဆန်းပိုင်း တွင် စတင်စိုက်ပျိုးနိုင်ရန် ဒေသခံတောင်သူများက လယ်ယာမြေများကို မြေဆီလွှာကောင်းမွန်ရေး ထွန်ယက်ပြုပြင်ခြင်းများ ဆောင်ရွက်လုပ်ကိုင်နေကြကြောင်း သိရသည်။
“ဒီနှစ် ဆောင်းရာသီမှာ ဒေသခံတောင်သူတွေ သီးနှံဝင်ငွေ တိုးပွားစေဖို့အတွက် စားဖိုဆောင်သီးနှံ ၂၅၅၇ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ ဒီဒေသက စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်းက အောင်မြင်ဖြစ်ထွန်းမှု ရှိပါတယ်။ ဒေသခံတောင်သူတွေက စားဖိုဆောင်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းကို ဈေးကွက်အခြေအနေပေါ် မူတည်ပြီး ဈေးကောင်းရရှိတဲ့ စားဖိုဆောင်သီးနှံများကို ရွေးချယ်စိုက်ပျိုး လုပ်ကိုင်ကြတယ်။ ဆောင်းသီးနှံစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး တောင်သူတွေ အခက်အခဲမဖြစ်စေဖို့ မျိုးကောင်းမျိုးသန့် မျိုးစေ့များ ရရှိအောင် ချိတ်ဆက်ကူညီပေးခြင်း၊ သီးနှံများတွင် အစားအစာဘေးကင်း လုံခြုံစေရန်အတွက် GAP နည်းစနစ်များနှင့်အညီ စိုက်ပျိုးနိုင်ရေး ပညာပေးခြင်း၊ သဘာဝပိုးသတ်ဆေးနဲ့ သဘာဝမြေဩဇာများကို စနစ်တကျ ကိုယ်တိုင်ထုတ်လုပ် အသုံးပြုတတ်စေရေး အသိပညာပေးခြင်းစတဲ့ တောင်သူပညာပေးတာတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ပွင့်ဖြူ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက စားဖိုဆောင်သီးနှံစုံများ စိုက်ပျိုးခြင်းကို လျာထားချက်ဧက ပြည့်မီအောင်စိုက်ပျိုးနိုင်ဖို့အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကြိုတင်၍ လယ်ယာမြေများ ပြုပြင်ခြင်း၊ သဘာဝမြေဩဇာနှင့် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ ပြုလုပ်ခြင်းစသည့်လုပ်ငန်းများကို ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)