မြဝတီ အောက်တိုဘာ ၂၃
ကရင်ပြည်နယ်၊ မြဝတီမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ရွှေမြင်းဝန် စေတီတော်မြတ်ကြီး၌ နတ်ကောင်းနတ်မြတ်တို့၏ စောင့်ရှောက်မှုကိုရရှိကာ ဘေးရန်အသွယ်သွယ်မှ လွတ်ငြိမ်းစေရန်အတွက် ဥပ္ပါတသန္တိပါဠိတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါစေတီတော်မြတ်ကြီး မြောက်ဘက်မုခ် မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီး ဝတ်တော်အတွင်း ကျင်းပခဲ့သည်။
ဦးစွာ မြတ်စွာဘုရားရှင်အားအမှူးထား၍ သံဃာတော်၊ အရှင်သူမြတ်များဦးဆောင်ကာ ဥပ္ပါတသန္တိ ပါဠိတော်ကိုပင့်ဆောင်ပြီး စေတီတော်ကြီးအား လက်ယာရစ်တစ်ပတ် လှည့်လည်ပူဇော်ပေးပြီး နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ မြို့နယ်သံယာ့နာယက အကျိုးတော်ဆောင် သင်္ယန်းညီနောင် သက်သက်လွတ် ကျောင်းတိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအာသီသက ရောင်ခြည်တော်ဖွင့် ဂါထာဖြင့် ပင်လျှောက်ပူဇော်ခြင်း၊ မြို့နယ်သံယာ့နာယကအဖွဲ့ဝင် သမုဂ္ဂသုခသီရိမြိုင်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဇောတိကဓဇက နတ်ဗြဟ္မာများအား ဖိတ်ကြားခြင်းတို့ကိုဆောင်ရွက်ပေးပြီး နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မြဝတီမြို့၊ မြသုခ၊ အမှတ်(၂၇၅) တပ်ဦးကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဂန္တ ဝါစကပဏ္ဍိတဘဒ္ဒန္တဒေါက်တာအရှင်ပညာနန္ဒထံမှ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှအဖွဲ့ဝင်(၂)ဦးစိန်သောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက်ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့က အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို ဧည့်ပရိသတ်အပေါင်းတို့က နာယူကြပြီး ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒန်းပေးကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေသည်။ အဆိုပါစေတီတော်မြတ်ကြီး၌ ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲကို ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့က အောက်တိုဘာ ၂၂ မှ ၂၆ ရက်ထိ ငါးရက်တိုင်တိုင် နေ့/ညမပြတ် ရွတ်ဖတ်ပူဇော်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)