ပန်းတနော်မြို့တွင် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

ပန်းတနော် အောက်တိုဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းက အောက်တိုဘာလ ၂၉၊ ၃၀ ရက်နေ့တွင် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်မည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရန် အစည်းအဝေးခေါ်ယူရခြင်းဖြစ်ကြောင်း ပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပန်းတနော်မြို့နယ်ရုံး ဦးစီးအရာရှိ ဦးကိုကိုမောင်က ပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြခန်းနှင့် လူငယ်များပျော်ပွဲရွှင်ပွဲအတွက် ပြိုင်ပွဲများ ဆောင်ရွက်မည့် အခန်းများအား လိုက်လံကြည့်ရှုစစ်‌ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)