ကန်ကြီးထောင့်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ (အနောက်စုကြီး) ၌ စာဖတ်ရှိန်မြင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ကန်ကြီးထောင့် အောက်တိုဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား ကျောင်းသူများ ဗလငါးတန်တိုးပွားစေ၍ အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်ခန့်က ဝါးဒူးကျေးရွာအုပ်စု၊ (အနောက်စုကြီး) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲနိုင်လွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး လက်ထောက်မြို့နယ်ပညာရေးမှူး ဦးရဲနိုင်က ကျောင်းသား၊ ကျောင်းသူလူငယ်များ စာပေများ ပိုမိုဖတ်ရှု‌လေ့လာကြစေရေးနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။  ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များ အသိပညာများတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲရှိတတ်စေရန်၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားလာစေရန်၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန်နှင့် စာဖတ်ရှိန်မြင့်တင်ရေးအတွက် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး စကားဝိုင်းဆွေးနွေးပွဲအား စတင်ကျင်းပရာ လက်ထောက်မူလတန်းပြဆရာမ ဒေါ်ချိုဇင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး Grade-12, Grade-10, Grade-9, Grade-7 မှ ကျောင်းသား/ ကျောင်းသူလေးများက လူငယ်နှင့်ဇာတိမာန်၊ လူငယ်နှင့်မိုဘိုင်းဖုန်းသုံးစွဲမှု၊ လူငယ်နှင့်ဇွဲလုံးလ၊ ယဉ်ကျေးသိမ်မွေ့မြန်မာ့ဓလေ့ စသည့် ခေါင်းစဉ်များအား အသီးသီး ဆွေးနွေးခဲ့ကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။

ထို့‌နောက်  အခြေခံပညာအထက်တန်းကျောင်းခွဲ (အနောက်စုကြီး) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးဝင်းက စကားဝိုင်းကျင်းပခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားခဲ့ရာ အဆိုပါ စကားဝိုင်ဆွေးနွေးပွဲအခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ အ.ထ.က(ခွဲ) အနောက်စုကြီးကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)