ထားဝယ် အောက်တိုဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ၂၀၂၄ ခုနှစ်၊ (၁၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက (၁၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကျင်းပနိုင်ရေး ဌာနဆိုင်ရာများ အနေဖြင့် လိုအပ်သောကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရေး အတွက် အစည်းအဝေး ခေါ်ယူကျင်းပရခြင်း ဖြစ်ကြောင်း၊ ယခုအခါ နယ်မြေဒေသတည်ငြိမ်အေးချမ်းလာသောကြောင့် အလှူတော်မင်္ဂလာ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဧည့်သည်တော်များအား ကျွေးမွေးဧည့်ခံရေးလုပ်ငန်း၊ လှည့်လည်ပူဇော်မည့် လုပ်ငန်းများလှစ်ဟာ မှုမရှိစေရေးဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ တစ်နှစ်မှ တစ်ခါဆောင်ရွက်ရသည့် ကထိန်အလှူမင်္ဂလာဖြစ်၍စုပေါင်း မဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားအား မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာနှင့် အညီစည်ကား သိုက်မြိုက်စွာဖြင့် ပျော်ပျော်ရွင်ရွင်ဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထိုနောက်လုပ်ငန်းကော်မတီဝင်များက အခမ်းအနား ပြင်ဆင်ရေးလုပ်ငန်း၊ ပဒေသာပင်လှူဒါန်းရေးဆိုင်ရာ လုပ်ငန်း၊ သံဃာ့တော်များ ပင့်ဆောင်ရေး၊ ပဒေသာပင်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လက်ခံဆက်ကပ်ရေးလုပ်ငန်း၊ ပဒေသာပင်များ နေရာချထားရေး၊ ထိန်းသိမ်းရေးနှင့် ပို့ဆောင်ရေးလုပ်ငန်း၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေးလုပ်ငန်း၊ ကျန်းမာရေးလုပ်ငန်း၊ ပဒေသာပင်များ လှည့်လည်ပူဇော်နိုင်ရေးလုပ်ငန်း၊ ဆွမ်းဆက်ကပ်လှူဒါန်းနိုင်ရေး၊ ချက်ပြုတ်ရေးနှင့် ဧည့်ခံကျွေးမွေးရေးလုပ်ငန်း၊ ဘဏ္ဍာငွေဆိုင်ရာလုပ်ငန်း၊ လုံခြုံရေးစသည့်တို့ကို ရှင်းလင်းဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များ အပေါ်တွင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)