မြိတ် အောက်တိုဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို သဘာဝဘေးနှင့် မီးဘေးအန္တရာယ်တို့မှ အချိန်နှင့်တပြေးညီ ကာကွယ်ပေးနိုင်ရန်အတွက် မြိတ်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂ဝ၂၄) သင်တန်းကို မြိတ်ခရိုင် မီးသတ်ဦးစီးဌာနတွင် ယမန်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။
သင်တန်းကို အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးသတ်လုပ်ငန်းများ တွင်ပူးပေါင်းပါဝင်ဆောင်ရွက်ရာတွင် မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား သိရှိနားလည်ပြီး သန္ဓေတပ်ဖွဲ့ဝင်များနှင့်အတူ စနစ်တကျ လုပ်ငန်းကျွမ်းကျင်စွာ ပူးပေါင်းကူညီဆောင်ရွက်နိုင်ရန်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း စွမ်းဆောင်ရည် ပိုမိုတိုးတက်မြင့်မားလာစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
သင်တန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝင်းစိုးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးစန်းဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထိုနောက် သင်တန်းတူညီဝတ်စုံများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေးအပ်ရာ သင်တန်းသား တစ်ဦး က လက်ခံရယူသည်။
သင်တန်းတွင် မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်တားဆီးရေး၊ နည်းပညာမြင့် မီးငြှိမ်းသတ်ရေးဘာသာရပ်များ၊ ခေတ်မီရှာဖွေကယ်ဆယ်ရေးလုပ်ငန်း သုံးပစ္စည်းကိရိယာများ ကိုင်တွယ်အသုံးပြုခြင်းနည်းစနစ်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝေါဟာရနှင့်ကြိုတင်သတိပေးခြင်း၊ ရှေးဦးပြုစုခြင်းဘာသာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး အဆိုပါသင်တန်းကို သင်တန်းသား (၂၀၀) ဦး တက်ရောက်ခဲ့ကြ၍ ရက်သတ္တပတ် (၄) ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး( ပြန်/ဆက် )