ခန္တီးမြို့၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

ခန္တီး အောက်တိုဘာ ၂၂

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ မှုခင်းကျဆင်းရေးလုပ်ငန်းများစွာဆောင်ရွက်လျက်ရှိပြီး ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ပြည်သူ့ဆေးရုံ၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ရာ ကျန်းမာရေးဌာနက မူးယစ်ဆေးဝါးသုံးစွဲသူများ လျော့နည်းပပျောက်လာစေရန် (၂)ပတ်လျှင် (၁)ကြိမ်ထုတ်ပေးလျက်ရှိသည့် မက်သာဒုန်းဆေးရည် လာရောက်ထုတ်ယူကြသူများနှင့် မူးယစ်ဆေးဝါးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ခန္တီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးဝင်းညွှန့်က အဖွင့်အမှာစကား ပြောကြားပြီး ခန္တီးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဉာဏ်မြင့်က မူးယစ်ဆေးဝါး စတင်ပေါ်ပေါက်လာပုံ နှင့်ပတ်သက်၍လည်းကောင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချနေမှုများနှင့်ပတ်သက်၍လည်းကောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ရရှိလာမည့် ဆိုးကျိုးများနှင့်ပတ်သက်၍ လည်းကောင်း၊ မူးယစ်ဆေးကြောင့် ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ၊ လူမှုပေါင်းသင်းဆက်ဆံရေး ယိုယွင်းပျက်စီးလာမှုများနှင့် ပတ်သက်၍လည်းကောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။

အဆိုပါဟောပြောပွဲသို့ ခန္တီးခရိုင်ရဲတပ်ဖွဲ့အကူ လုံခြုံရေးတပ်ခွဲမှူး ရဲမှူး တင်မောင်ဆွေ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မက်သာဒုန်းဆေးရည် လာရောက်ထုတ်ယူသူများ စုစုပေါင်း(၂၀၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကမ်းကီး(ပြန်/ဆက်)