သရက်ချောင်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနား ကျင်းပ

သရက်ချောင်း အောက်တိုဘာ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက အဖွင့်အမှာစကားပြောကြားရာတွင် မီးသတ်တပ်ဖွဲ့ဟာ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့်အတူ ပေါက်ဖွားခဲ့တဲ့ တပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့အတွက် ရှေးအစဉ်အလာကောင်းများကို ထိန်းသိမ်းကာကွယ်ရင်းမိမိတို့လက်ရှိတာဝန်ဝတ္တရားတွေကို လူမှုရေးစိတ်ဓာတ်အပြည့်အဝနဲ့ ညီနောင်တပ်ဖွဲ့၊ အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့လိုကြောင်း၊ နိုင်ငံတစ်ခုမှာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မီးလောင်မှုအကြိမ်နှင့် ဆုံးရှုံးမှုတန်ဖိုးများ မြင့်တက်လာတက်တဲ့ သဘောသဘာဝရှိကြောင်း၊ မီးဘေးကာကွယ်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များတိုးချဲ့ဖွဲ့စည်းရေးနှင့် အရည်အသွေးပြည့်ဝထက်မြက်အောင် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာတဲ့ မီးသတ်ပညာရပ်များကို မီးသတ်တပ်ဖွဲ့ဝင်တိုင်း သိရှိတက်မြောက်ထားဖို့အတွက် လေ့ကျင့်ရေးကို ဦးစားပေးဆောင်ရွက်သွားဖို့လိုကြောင်း၊ လူမှုရေးလုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ပြည်သူများရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်းများကို စေတနာ၊ ဝါသနာ၊ အနစ်နာ၊ ဂရုဏာနှင့် အကြင်နာတည်းဟူသော နာ (၅) နာဖြင့် ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်အောင် တည်ဆောက်ရေးဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်ကို မျက်ခြေမပျက်ဖို့အတွက်လည်း အစိုးရနှင့် ပြည်သူတို့နှင့်အတူ ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား သဘာဝဘေးအန္တရာယ်များကြုံတွေ့လာရပါက ထိရောက်ဆုံးနှင့် လွယ်ကူဆုံးတုံ့ပြန်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ စိတ်ဓာတ်၊ စည်းကမ်းနှင့် စွမ်းဆောင်ရည်ကောင်းမွန်ရေးအတွက် လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်း အသုံးပြုနည်းများကို စနစ်တကျလေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရပြီး သင်တန်းကို မြို့နယ်အတွင်း အရန်မီးသတ် (၅၀) ဦးဖြင့် အောက်တိုဘာလ ၂၁ရက်နေ့မှ နိုဝင်ဘာလ ၁၅ရက်နေ့အထိ စာတွေ့၊ လက်တွေ့နည်းများဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရိသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)