စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော် ကျီကုန်းကျေးရွာ၌ ဘဝအလင်းတန်းစာကြည့်တိုက်သစ် ဖဲကြိုးဖြတ်ဖွင့်လှစ်

ကလေး အောက်တိုဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ် ကျီကုန်းကျေးရွာ၌ ဘဝအလင်းတန်း စာကြည့်တိုက်သစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်သစ်တည်နေရာတွင် ကျင်းပရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ကလေးခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ကလေး) မှ ဗိုလ်မှူးချုပ် အောင်နိုင်ဦးတို့က ဘဝအလင်းတန်း စာကြည့်တိုက် အဆောက်အဦးသစ်ကို ဖဲကြိုးဖြတ်ဖွင့်ပေးကြသည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် က အဖွင့်အမှာစကားပြောကြားရာတွင် စာတတ်သူတိုင်း စာဖတ်နိုင်းရေး၊ စာဖတ်ခြင်းအားဖြင့် အသိပညာဗဟုသတတိုးပွားနိုင်ရေး၊ ကျေးလက်နေပြည်သူများ စာပေနှင့်လက်လမ်းတမှီရှိရန်၊ ဖွင့်လှစ်ပြီးစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး၊ စာဖတ်သည့်အလေ့အထများစွဲမြဲရရှိပြီး အသိပညာဗဟုသုတများရရှိမြင့်မားတိုးတက်လာစေရန်အတွက် စာကြည့်တိုက်များ ထူထောင်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် စာကြည့်တိုက်အတွက် တိုင်းဒေသကြီးအစိုးရမှ ထောက်ပံ့လှူဒါန်းသည့် ငွေကျပ် ၁၀ သိန်းတန်ဖိုးရှိ  သုတ၊ ရသ စာအုပ် ၄၀၄ အုပ်ကို ကျီကုန်းကျေးရွာ စာကြည့်တိုက်မှူးထံပေးအပ်ခဲ့ပြီး စာကြည့်တိုက်အဆောက်အဦတည်ဆောက်ထားရှိမှု၊ ကျောင်းသား/ကျောင်းသူများ စာအုပ်စာစောင် ဖတ်ရှုလေ့လာနေမှုများ၊ စာအုပ်စာစောင်ခင်းကျင်းပြသထားရှိမှုအခြေအနေများနှင့် ကျီကုန်းကျေးရွာနှင့် အင်ဒိုင်းကြီးကျေးရွာမှ ကျောင်းသူလေးများ၏ ကပြဖျော်ဖြေမှူများကို ကြည့်ရှုကြသည်။

ဆက်လက်၍ အင်ဒိုင်းကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းစာကြည့်တိုက်အတွက် ငွေကျပ် ၁၀ သိန်းနှင့် ကျီကုန်းကျေးရွာအလယ်တန်းကျောင်းစာကြည့်တိုက်အတွက် ငွေကျပ် ၁၀ သိန်းတို့ကို ကျောင်းအုပ်များထံ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ပေးအပ်လှူဒါန်းခဲ့ကြသည်။ အဆိုပါစာကြည့်တိုက်သစ်ကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ပံ့ပိုးငွေသိန်းတစ်ရာ့ငါးဆယ်ကျပ်ဖြင့်  အလျား ၂၀ ပေ၊ အနံ ၁၅၊ အမြင့် ၁၀ ပေရှိ RC တစ်ထပ် အဆောက်အဦ၊ ပရိဘောဂ၊ စာအုပ်စာစောင်များကို မတည်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)