သရက်ချောင်း အောက်တိုဘာ ၂၁
"ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့"ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ဒုတိယအဆင့်၊ ဌာနဆိုင်ဝန်ထမ်းများ စာရင်းစစ်/စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁နာရီအချိန်က သရက်ချောင်းမြို့၊ (အ-ထ-က)သရက်ချောင်းကျောင်း(ပညာရတနာခန်းမ)၌ ကျင်းပသည်။
ရှေးဦးစွာအခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ဒုတိယအဆင့်၊ ဌာနဆိုင်ဝန်ထမ်းများအား စာရင်းစစ်/ စာရင်းကောက်သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းကာ အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သရက်ချောင်းမြို့နယ်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လွင်က သန်းခေါင်စာရင်းကောက်ယူရခြင်း၏ ရည်ရွယ်ချက်၊ သန်းခေါင်စာရင်းအသုံးဝင်ပုံနှင့် သန်းခေါင်စာရင်းကောက်ယူပြီးစီးမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် ဌာနဆိုင်ဝန်ထမ်းများအား သတ်မှတ်ထားသော ကျေးရွာများရှိအိမ်ထောင်စုများအား လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စာရင်းစစ်/စာရင်းကောက်လုပ်ငန်းများ ဆောင်ရွက်ရန် အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ သင်တန်းကာလ ၅ရက်တာအတွင်း လူဦးရေသန်းခေါင်စာရင်း၊ အဓိကမူများနှင့်အဓိပ္ပါယ်သတ်မှတ်ချက်၊ သန်းခေါင်စာရင်းလုပ်ငန်းအချိန်ဇယား၊ စာရင်းစစ်/ စာရင်းကောက်များ၏ အခန်းကဏ္ဍနှင့် တာဝန်များ၊ စာရင်းကောက်ကွက်မြေပုံများ၊ မေးခွန်းပုံစံ ဖွဲ့စည်းတည်ဆောက်ပုံ၊မေးခွန်းတစ်ခုချင်းအလိုက်အသေးစိတ်ရှင်းလင်းချက်များ၊ အဖွဲ့အစည်းမေးခွန်းပုံစံတွင် ဖြည့်သွင်းရမည့် ညွှန်ကြားချက်များ၊ လျို့ဝှက်ထားရမည့် သတင်းအချက်အလက်များ၊ တွေ့ကြုံရမည့်အခက်အခဲပြဿနာများစသည့် ခေါင်းစဉ်များဖြင့် သင်ခန်းစာများကို သင်တန်းနည်းပြများက သင်တန်းသား/သူများအား စာတွေ့နှင့် လက်တွေ့နည်းများဖြင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)