မအူပင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန် ပြိုကျပျက်စီး

မအူပင် အောက်တိုဘာလ  ၂၁

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ စစ်ချောင်းကျေးရွာအုပ်စု၊ စက်ကြီးပိုင်းကျေးရွာနှင့် ကျွန်းထိပ်ကုက္ကိုတန်းကျေးရွာများတွင် ယမန်နေ့(၅)နာရီခန့်က မိုးရွာသွန်းပြီး‌ လေပြင်းတိုက်ခတ်မှု‌ကြောင့် နေအိမ်(၄)လုံးပြိုကျပျက်စီးခဲ့ပြီး နေအိမ်(၈)လုံး အမိုးလန်ပျက်စီးခဲ့သည်။

အလားတူ နတ်စဉ်ကျေးရွာအုပ်စု၊ နတ်စဉ်ကျေးရွာတွင် နေအိမ် (၁)လုံးပြိုကျပျက်စီးပြီး နေအိမ်(၂)လုံး တစ်စိတ်တစ်ပိုင်း အမိုးလန်ပျက်စီးခဲ့ပြီး ပေကုန်းကျေးရွာအုပ်စု၊ ဆင်ကူးရွာမကျေးရွာတွင် နေအိမ် (၁၂)လုံး အမိုးလန်ပျက်စီးခဲ့ရာ စုစုပေါင်း ကျေးရွာအုက်စု (၃)အုပ်စု၊ ကျေးရွာ(၄)ရွာတွင် နေအိမ် (၂၇)လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ်နှင့် အမိုးလန်ပျက်စီးခဲ့သည့်နေအိမ်များရှိ မိသားစု ဝင်များအား နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ခေတ္တပြောင်းရွှေ့နေထိုင်စေပြီး ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ နေအိမ်များပြန်လည် ဆောက်လုပ်နေထိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)