လှည်းယဉ်ကြော့ (ခေါ်) နွားလှည်းယဉ်နှင့် လိုက်ဖက်ညီသည့် မြန်မာတို့၏ ရိုးရာဓလေ့ ရှင်ပြုအလှူတော်ပွဲ

မင်းဘူး  အောက်တိုဘာ  ၂၁

မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာအရ ပြုလုပ်ကြသော အလှူပွဲများ၏ ရှင်လောင်းလှည့်ပွဲများတွင် နွားလှည်းယဉ်သည် အလိုက်ဖက်ဆုံး ယာဉ်တစ်မျိုးဖြစ်ပြီး နွားလှည်းယဉ်ကို ရှေးအခါက လှည်းယဉ်ကြော့နှင့် ယခုခေတ်တွင် ရွှေလှည်းယဉ်ဟု ခေါ်ဆိုကြသည်။ မြန်မာနိုင်ငံတွင် လူဦးရေသန်း ၅၀ ကျော်ရှိသည့်အနက် ၇၀ ရာခိုင်နှုန်းကျော်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်စားသောက်ကြသူများ ဖြစ်ကြသည်။

ပွင့်လင်းရာသီဖြစ်သော သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ နတ်တော်လများတွင် ကျေးလက်တောရွာ ဒေသများတွင် ကောက်ပဲသီးနှံများ လှိုင်လှိုင်ပေါ်နေပြီဖြစ်ရာ တောင်သူများ၏လက်ထဲတွင် ငွေစငွေနများ ရွှင်နေပြီဖြစ်ပြီး ကထိန်သင်္ကန်းလှူဒါန်းခြင်းနှင့် မိမိတို့၏ရင်နှစ်သီးချာ သားလှရတနာလေးများအား  သာသနာ့ဘောင် သွတ်သွင်းခြင်းနှင့် သမီးလှ ရတနာလေးများအား နားသခြင်းမင်္ဂလာပွဲဟု ခေါ်ဆိုအပ်သော ရှင်ပြုနားသ အလှူတော်ပွဲများ ဆင်ယင်ကျင်းပလေ့ရှိကြသည်။   

ထိုသို့ မိမိတို့ဒေသ၏ ရိုးရာဓလေ့အလှူတော်ပွဲများ ဆင်ယင်ကျင်းပသည့်အခါ ဆင်၊ မြင်း၊ နွားလှည်းယဉ်၊ မော်တော်ယာဉ်များဖြင့် အလှပေါ် အယဉ်ဆင့်ကာ မြို့ပေါ်ရပ်ကွက်များနှင့် ဘုန်းတော်ကြီးကျောင်းများသို့ လှည့်လည်၍ အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ဆင်နွဲကျင်းပလေ့ရှိကြောင်း သိရသည်။

အလှူပွဲများ လှည့်လည်နိုင်ရေးအတွက် ဆင်၊ မြင်းနှင့် မော်တော်ယာဉ် ငှါးရမ်းရသည်မှာ လွယ်ကူသော်လည်း လှည်းယဉ်ကြော့ (ခေါ်) ရွှေလှည်းယဉ် ငှါးရသည်မှာ ခက်ခဲလှပေသည်။  နွားလှည်းယဉ်ရှားပါးမှုကြောင့် ရွာတိုင်း၊ ရွာတိုင်းတွင် သူ့အဆက်အသွယ်နဲ့သူ ရှာဖွေငှါးကြရပြီး လှည်းယဉ် ဆယ့်လေးငါးစီးရဖို့ အတော်ပင်ရှာရခက်ပေသည်။

 “ကျွန်တော်တို့ အညာဒေသက လှည်းယဉ်ရှာရတာ အင်မတန် ခက်တယ်ဗျ။ အလှူပွဲများမှာ ငှားရမ်းဖို့ ရွှေလှည်းယဉ်အသင်းအဖွဲ့တွေ တည်ထောင်ထားရင်တော့ ငှားရတာလွယ်ကူတာပေါ့ဗျာ။ ငှားရမ်းခတော့ လှည်းတစ်စီးကို ကျပ် ၂၀၀၀၀၊ ၂၅၀၀၀ ပဲ ပေးရတာပါ။ ဒါပေမယ့် တစ်ရွာ၊ တစ်ရွာကိုလှည်း တစ်စီး၊ နှစ်စီးလောက်သာရတော့ လှည်းယဉ် ဆယ်စီး၊ ဆယ့်ငါးစီးရဖို့က အတော်လေးခက်ခဲတာပါ ဒါပေမဲ့ ရိုးရာဓလေ့ကို ဖော်ညွှန်းပြသတဲ့ပွဲဆိုတော့ ဖြစ်အောင်တော့ လုပ်ရတာပေါ့ဗျာ” ဟု မင်းဘူးမြို့ ချမ်းသာကြီး လူမှုကူညီရေးအသင်း ဥက္ကဌ ဦးသက်ထွန်းက ပြောသည်။

အလှူပွဲ အဝင်နေ့တွင် ဆင်၊ မြင်း၊ လှည်းယဉ်၊ မော်တော်ယဉ်များဖြင့် လှည့်လည်ကာ မြတ်စွာဘုရားရှင်ရုပ်ပွားတော်အား ပင့်ဆောင်လာသည့် မော်တော်ယာဉ်သည် ရှေးဆုံးမှ ထွက်ခွါလာကာ နောက်မှ မောင်ရင်လောင်းများ တင်ဆောင်လာသည့် ဆင်၊ မြင်း၊ နွားလှည်းယဉ်များ နှင့် မောင်ရင်လောင်းမိဘ အလှူဒါယကာ၊ အလှူဒါယိကာမများက သင်္ကန်းပရိက္ခရာများပိုက်ကာ ရပ်ထဲ၊ ရွာထဲမှ လှပျိုဖြူလေးများက ကွမ်းတောင်၊ ပန်းတောင်များကိုင်ဆောင်ပြီး အိုးစည်၊ ဒိုးပတ်၊ အတီးအမှုတ်၊ အကအခုန်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြသည့် ရိုးရာဓလေ့ပွဲတော်ဖြစ်ပြီး ယနေ့ထက်တိုင် လှည်းယဉ်ကြော့ (ခေါ်) ရွှေလှည်းယဉ်များဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ကို ထိန်းသိမ်းပြီး မြတ်နိုးစွာ ကျင်းပလေ့ရှိကြပါတော့သည်။

ဇေယျာထက်(မင်းဘူး)