သီးထပ်သီးညှပ် စိုက်ပျိုးခြင်းဖြင့် တောင်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်လာမည်

မင်းဘူး  အောက်တိုဘာ  ၂၁

မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် တောင်သူလယ်သမားများဖြစ်ကြကာ သူတို့၏ လယ်၊ ယာ၊ ကိုင်းကျွန်းများပေါ်တွင် မိုးလေဝသမှန်ကန်ပြီး  သီးထပ်၊ သီးညှပ်များ စိုက်ပျိုးနိုင်မည်ဆိုပါက သီးနှံများအထွက်တိုးလာကာ လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာပေမည်။

မြေတစ်ကွက်တွင် တစ်နှစ်အတွင်း သီးနှံတစ်မျိုးကို ရိတ်သိမ်းပြီး နောက်သီးနှံတစ်မျိုး ဆက်လက်စိုက်ပျိုးခြင်းမှာ သီးထပ်စိုက်ပျိုးခြင်းဖြစ်၍၊ မြေကွက်တစ်ကွက်တွင် တစ်ချိန်တည်း အတူတကွ အတန်းလိုက် သော်လည်းကောင်း၊ ရောနှော၍သော်လည်းကောင်း (သီးရောစိုက်ပျိုးခြင်း) ကို သီးညှပ်စိုက်ပျိုးခြင်းဟု ခေါ်သည်။

သီးထပ်စိုက်ပျိုးခြင်းတွင် မိုးစပါး-ကုလားပဲ- နွေစပါး၊ မိုးစပါး-မတ်ပဲ-နွေစပါး၊ မိုးစပါး-နှမ်း-နွေစပါး စသည်ဖြင့် အချိန်အခါအပေါ်မူတည်၍ အမျိုးမျိုး စိုက်ပျိုးနိုင်သလို သီးညှပ်စိုက်ပျိုးရာတွင်လည်း မြေပဲ+ပဲစင်းငုံ၊ ပဲစင်းငုံ+ပဲတီစိမ်း စသည်ဖြင့် စိုက်ပျိုးကြသည်။

မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးစိုက်ပျိုးခဲ့သည့် စိုက်ဧရိယာများအပေါ် သီးထပ်သီးညှပ်အဖြစ် နွေစပါးအပါအဝင် ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့် အခြားသီးနှံများကို ကွက်လပ်မကျန် အစိုဓာတ်မကုန်ဆုံးမီ အချိန်ကိုက် စိုက်ပျိုးသွားနိုင်ရေးအတွက် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် စီမံကိန်းတာဝန်များပေးအပ်၍ တွန်းအားပေးဆောင်ရွက်ကြရသည်။

နွေစပါး စိုက်ပျိုးနိုင်ရေးအတွက်ကိုလည်း ဆည်ရေအား ဇန်နဝါရီလ (၁) ရက်နေ့မှစတင်၍ ရေပေးဝေကာ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် သီးထပ်သီးညှပ်စိုက်ပျိုးနိုင်ရေးအတွက် တာဝန်ယူဆောင်ရွက်၍ နွေစပါးအပြင် အခြားသီးနှံများဖြစ်သည့် ပဲအမျိုးမျိုးနှင့် ချဉ်ပေါင်၊ ငရုတ်၊ ပြောင်း၊ စားဖိုဆောင်သီးနှံများတို့ကိုပါ အလေးထားစိုက်ပျိုးရသည်။ သီးထပ်သီးညှပ်အဖြစ် နွေစပါးကိုစိုက်ပျိုးရာတွင် ကြဲပက်စိုက်ပျိုးခြင်း မပြုကြရန်နှင့် တိုက်ရိုက်စိုက်ပျိုးမျိုးစေ့ချကိရိယာ (Seeder) များဖြင့်စိုက်ပျိုးရန်အတွက် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် တာဝန်ပေးအပ်ထားသော ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးများမှ နွေစပါးစိုက်တောင်သူတစ်ဦးချင်းအား ကွင်းဆင်းစည်းရုံး၍ ပညာပေးဆောင်ရွက်ကြရသည်။

 “ကျွန်တော်တို့ လယ်မြေ၊ ယာမြေတွေမှာ မျိုးကောင်း၊ မျိုးသန့်တွေလည်း ရှာဖွေဝယ်ယူနိုင်မယ်။ သီးထပ်၊ သီးညှပ်များလည်း စိုက်ပျိုးနိုင်မယ်ဆိုလျှင် စိုက်ပျိုးရေးကဏ္ဍမှ ထုတ်ကုန်နှစ်ဆတိုးလာမယ်။ ဒီလို နှစ်ဆတိုးလာတဲ့အတွက် ယခုလက်ရှိထက် ဆီထွက်သီးနှံ၊ ဆန်စပါး၊ ပဲအမျိုးမျိုးတို့ဟာ အထွက်နှုန်းနှစ်ဆ တိုးလာခဲ့လျှင် ပြည်သူတွေအတွက် အလုပ်လက်မဲ့ပြဿနာများ လျော့ကျကာ ဝင်ငွေများ တိုးလာမဲ့အပြင် စားနပ်ရိက္ခာတွေ တိုးလာမှာဖြစ်တဲ့အတွက် နိုင်ငံတော်ကြီး ဖွံ့ဖြိုး တိုးတက်လာမှာ ဖြစ်တာကြောင့် ဒို့ပြည်သူတွေ ဝင်ငွေတိုးကာ လူမှုဘဝဖွံဖြိုးတိုးတက်စေဖို့ သီးထပ်၊ သီးညှပ်များ စိုက်ပျိုးကြပါစို့” ဟု တိုက်တွန်းပြောကြားလိုက်ချင်ပါတော့သည်။

ဇေယျာထက်(မင်းဘူး)