ကျွန်းလှမြို့နယ်၌ ယခုနှစ် ဆောင်းရာသီ ဟင်းသီးဟင်းရွက်မျိုးစုံ ဧက ၅၀၀ ကျော်စိုက်ပျိုးမည်

ကျွန်းလှ အောက်တိုဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက်မျိုးစုံ ဧက ၅၀၀ ကျော်စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“ဒီနှစ် ဆောင်းရာသီမှာ ဟင်းသီးဟင်းရွက်မျိုးစုံစိုက်ပျိုးဖို့ ၅၇၇ ဧကလျာထားပါတယ်။ စိုက်ပျိုးရာမှာ ချောင်းရေ၊ မြောင်းရေတင်စိုက်ပျိုးကြပါတယ်။ အခုအခါ တောင်သူတွေ ထွန်ယက် ပျိုးထောင်နေကြပါတယ်။ ထွက်ရှိတဲ့သီးနှံများ ဓာတုကင်းလွတ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင်စိုက်ပျိုးကြဖို့ အသိပညာပေး‌နေပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

အဆိုပါ ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးကြသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက GAP နည်းစနစ်ဖြင့်စိုက်ပျိုးရေး၊ ပိုးမွှားကျရောက်မှုကင်းစင်ရေး၊ သဘာမြေဩဇာ၊ သဘာဝ‌ပိုးသတ်ဆေးနှင့် ပိုးနှင်ဆေးသုံးစွဲရေးတို့ကို ကွင်းဆင်းပညာပေးလျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဂေါ်ဖီထုတ်၊ ပန်းမုံလာ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်း၊ ခရမ်းချဥ်၊ မုံညှင်း၊ ကန့်လန့်၊ ရုံးပတီ၊ ခဝဲ စသည့် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

မျိုးဝင်းညို(ကျွန်းလှ)