တိုင်းဒေသကြီးဝန်ကြီးချုပ် MNA မြန်မာအမျိုးသားလေကြောင်းလိုင်းရန်ကုန်- ပုသိမ်- ညောင်ဦး- မန္တလေး လေယာဉ်ခရီးစဉ်မှ ခရီးသည်များအား နွေးထွေးစွာကြိုဆိုနှုတ်ဆက်

ပုသိမ်   အောက်တိုဘာ  ၂၁

MNA မြန်မာအမျိုးသားလေကြောင်းလိုင်း ရန်ကုန်- ပုသိမ်-ညောင်ဦး-မန္တလေး လေယာဉ်ခရီးစဉ်မှ ခရီးသည်များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ပုသိမ်လေဆိပ်သို့သွားရောက်၍ ရင်းနှီးနွေးထွေးစွာကြိုဆိုနှုတ်ဆက် ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်လေဆိပ်သို့သွားရောက်၍ ဆိုက်ရောက်၊ ထွက်ခွာနေရာများ၊ ခရီးသည်စစ်ဆေးရေးခန်းမများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရီးသည်များ အေးချမ်းစွာနားနေနိုင်ရန်နှင့် လုံခြုံရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။

ထို့နောက် ရန်ကုန်- ပုသိမ်- ညောင်ဦး- မန္တလေး လေယာဉ်ခရီးစဉ်မှ ပုသိမ်လေဆိပ်သို့ ဆိုက်ရောက်လာရာ ခရီးသည်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများက အိုးစည်အကအဖွဲ့များဖြင့် ရင်းနှီးနွေးထွေးစွာကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ခရီးသည်များနှင့် လေကြောင်းလိုင်းတာဝန်ရှိသူများအား ပုသိမ်ဒေသထွက်အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်- ညောင်ဦးခရီးစဉ်သို့ လိုက်ပါမည့် ခရီးသည်များအား ရင်းနှီးစွာပို့ဆောင် နှုတ်ဆက်ခဲ့သည်။

ပုသိမ်လေဆိပ်တွင် ရန်ကုန်- ပုသိမ်- ညောင်ဦး- မန္တလေး လေယာဉ်ခရီးစဉ်မှ ခရီးသည်များအတွက် ပုသိမ်မြို့တွင်းရှိ ထင်ရှားသောအထင်ကရနေရာများ၊ ‌ဘုရား၊ စေတီများနှင့် ငွေဆောင်၊ ချောင်းသာ စသည့်ကမ်းခြေဒေသများနှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ သွားလာလည်ပတ်နိုင်ရန်အတွက်(မိုက်ခရို/မီနီဘတ်) စင်းလုံးငှားပို့ဆောင်ရေး ဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးထားကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)