ငရုတ်ကောင်း အောက်တိုဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူလေးများ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အပြောစွမ်းရည်တိုးတက်လာစေရန်ရည်ရွယ်၍ ကျင်းပသည့် ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ရာ မြို့အခြေခံပညာအထက်တန်းကျောင်းရှိ Grade-2 အတန်းမှ ကျောင်းသား၊ ကျောင်းသူလေးများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ကျော်မာလာလွင်က ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ငရုတ်ကောင်းမြို့ (အ.ထ.က)ရှိ Grade-2 တန်းမှ ကျောင်းသား၊ ကျောင်းသူများက ပုံပြင်ပြောပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ သူများအား အခမ်းအနားသို့ တက်ရောက်လာသည့် မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)