ကြံခင်း အောက်တိုဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ကမ္ဘာလုံးရိပ်သာကျောင်းတိုက်ဆရာတော် သာသနာဓဇဓမ္မာစရိယ၊ အသောကာရာမိကသာသနပါလဓမ္မာစရိယ အရှင်တေဇာနန္ဒ ဦးစီးကျင်းပသော (၂၆) ကြိမ်မြောက်၊ စတုဒိသာကျွေးမွေးလှူဒါန်းခြင်းနှင့် မြန်မာ့ရိုးရာခြင်းအလှခတ်ဖျော်ဖြေပွဲကို ယမန်နေ့ညနေပိုင်းက အဆိုပါကျောင်းတိုက်အတွင်း ကျင်းပခဲ့သည်။
အဆိုပါ ကမ္ဘာ့လုံးရိပ်သာကျောင်းတိုက်အတွင်း ကိန်းဝပ်စံပါယ်သော နဝလောဟလာဘမုနိဓာတ်ကိုးပါး ရုပ်ပွားတော်ဘုရားအား နှစ်စဉ်သီတင်းကျွတ်လဆန်း (၁၄) ရက်နေ့၌ စေတနာရှင်အလှူရှင်များက လှူဖွယ်ဝထ္ထုအစုစုအား မဲပို့လှူဒါန်းခြင်း၊ သီတင်းကျွတ်လပြည့်နေ့၌ ဘုရားရှင်အား အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ လပြည့်ကျော် (၁) ရက်နေ့တွင် မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီ လှည့်လည်အပူဇော်ခံကြွချီတော်မူကြောင်း သိရသည်။
ယင်းနောက် သီတင်းကျွတ်လပြည့်ကျော် (၂) ရက်နေ့၌ ကမ္ဘာ့လုံးရိပ်သာကျောင်းတိုက်ဆရာတော် သာသနာဓဇဓမ္မာစရိယ၊ အသောကာရာမိကသာသနပါလဓမ္မာစရိယ အရှင်တေဇာနန္ဒနှင့် စေတနာရှင်အလှူရှင်များ စုပေါင်းကာ လူအယောက် (၅၀၀) စားသုံးနိုင်ရန် စတုဒိသာထမင်း ကျွေးမွေးလှူဒါန်းပေးခြင်း၊ မြို့နယ်ခြင်းလုံးဆပ်ကော်မတီအဖွဲ့ကဦးစီး၍ မြန်မာ့ရိုးရာခြင်းပညာရှင်အဖွဲ့ (၉) ဖွဲ့က မြန်မာရိုးရာအားကစားဖြစ်သော ခြင်းလုံးအလှခတ်ခြင်းများဖြင့် ဖျော်ဖြေပေးကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)