စလင်း အောက်တိုဘာ ၂၀
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ကျေးလက်နေပြည်သူများ မိမိတို့၏ လယ်မြေ၊ ယာမြေနှင့် ဥယျာဉ်ခြံများ၌ ခဝဲပင်များကို တိုင်ထောင်စင်တင်စနစ်ဖြင့် တိုးချဲ့စိုက်ပျိုးခဲ့ကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ခဝဲစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
စလင်းမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ရာသီအလိုက် စားဖိုချောင်သီးနှံပင်များကိုလည်း စိုက်ပျိုးရောင်းချလေ့ရှိသည်။ ယခုအခါ စားဖိုဆောင်သီးနှံများအနက် ခဝဲသီးနှံကို စင်တင်စနစ်ဖြင့် တိုးချဲ့စိုက်ပျိုးလျက်ရှိသည်။ ခဝဲသီးနှံကို စိုက်ပျိုးရန်အတွက် မြေဆွေး၊ အုန်းဆံမှုန့်၊ ကြက်ချေးရောရာ မြေသားဘောင်များတွင် ခဝဲစေ့များကို ထည့်သွင်းစိုက်ပျိုးရသည်။ ရက် (၂၀) ခန့်အကြာ ထွက်ရှိလာသည့် ခဝဲနွယ်လေးများကို စင်တင်ပေးရန် တိုင်ထောင်ပေးရပြီး အသီးများများ သီးနိုင်စေရန်အတွက် ခေါင်ညွန့်များကို ဖြတ်ပေးရသည်။ စိုက်ပျိုးပြီး (၃) လခန့်အကြာတွင် ဖွံ့ထွားသည့် ခဝဲသီးများကို ခူးဆွတ်ရောင်းချနိုင်ပြီဖြစ်ကြောင်း မြောက်ရှားတောကျေးရွာခဝဲစိုက်တောင်သူ ဒေါ်ဝင်းက ပြောသည်။
ခဝဲသီးတစ်တောင့်လျှင် ကျပ် ၃၅၀ မှ ကျပ် ၅၀၀ ထိ ရောင်းချရပြီး တစ်ရက်လျှင် ကျပ် ၂၅၀၀၀ မှ ၃၀၀၀၀ ထိ ရောင်းချကြောင်း၊ ခဝဲသီးနှံများကို မိသားစုတစ်ပိုင်တစ်နိုင်မှ ဈေးကွက်ဝင်သီးနှံအဖြစ် တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
မောင်လွင်(စလင်း)