မအူပင်မြို့တွင် (၁၁၂) ကြိမ်မြောက် တာဝတိံသာဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

မအူပင် အောက်တိုဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် (၁၁၂) ကြိမ်မြောက် တာဝတိံသာဘုရားပွဲတော်ကို ယ‌မန်နေ့ မွန်းလွဲပိုင်းမှ စတင်၍ (၃) ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

အဆိုပါ တာဝတိံသာဘုရားပွဲတော်တွင် မအူပင်မြို့ရှိ မဟာဗောဓိဘုန်း‌တော်ကြီးကျောင်းမှ ဦးဆောင်ကျင်ပလာခဲ့မှာ (၁၁၂) ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ပြီး မဟာဗောဓိတန်ဆောင်းတော်ကြီးမှ တာဝတိံသာမြတ်စွာဘုရားသည် နတ်ဗြမ္မာများခြံရံလျက် မြို့နယ်အတွင်း ဒေသစာရီကြွချီအပူဇော်ခံရာ လမ်းတစ်လျှောက်၌ အများပြည်သူများမှ ဖူးမြော်ကြည်ညိုခြင်း၊ စတုဒိသာများ ကျွေးမွေးလှူဒါန်းခြင်း၊ လှူဒါန်းဖွယ်ရာများ ဆက်ကပ်လှူဒါန်းခြင်းများဖြင့် ကုသိုလ်ပြုခဲ့ကြသည်။ မအူပင်မြို့တွင် တာဝတိံသာဘုရားပွဲတော်ကို သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့မှ လပြည့်ကျော် (၃) ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)