နတ်မောက် အောက်တိုဘာ ၁၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဈေသာကျေးရွာ၊ အင်းကုန်းကျေးရွာ၊ ပ/လက်ခုပ်ပင်ကျေးရွာ၊ တမာပင်ရပ်ကွက်နှင့်ကန်ကြီးရပ်ကွက်တို့ရှိ တောင်သူများအား EM ဘိုကာရှီမြေဆွေးပြုလုပ်နည်း အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေးဆွေးနွေးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးအရာရှိနှင့် ဝန်ထမ်းများက EM ဘိုကာရှီမြေဆွေးပြုလုပ်သုံးစွဲခြင်းကြောင့် လယ်ယာမြေများ၏ မြေဆီဩဇာဓါတ်နှင့်မြေဆီလွှာဖွဲ့စည်းမှုများကို ရေရှည်အသုံးပြုနိုင်ရေးအတွက် ထိန်းသိမ်းထားနိုင်ခြင်း၊ ဓါတ်မြေဩဇာလိုအပ်ချက်ကို အတတ်နိုင်ဆုံးမှီခိုသုံးစွဲရမှုလျော့နည်းလာခြင်း၊ မြေသားတည်ဆောက်မှုကောင်းခြင်း၊ ရေနှင့်အဟာရဓါတ်ကိုကောင်းမွန်စွာထိန်းထားနိုင်ခြင်း၊ ပေါင်းစေ့အပင်ပေါက်မြန်စေပြီး ပေါင်းနှိမ်နင်းရာတွင် လွယ်ကူစေခြင်း၊ သီးနှံပင်များ၏ပင်ကြွင်းပင်ကျန်များဖြင့် သဘာဝမြေဩဇာပြုလုပ်ခြင်းကြောင့် ကုန်ကျစရိတ်သက်သာခြင်း၊ သဘာဝဖြင့်ပြုလုပ်ထားသော မြေဩဇာဖြစ်သောကြောင့် လူသားများ အစားအစာဘေးအန္တရာယ်ကင်းရှင်းစေနိုင်ခြင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်တည်တံ့နိုင်သော စိုက်ပျိုးရေးစနစ်ကို ဆောင်ရွက်နိုင်ရန်နှင့် သီးနှံတစ်ဧကအထွက်နှုန်း တိုးတက်လာစေရန် မိုးဦးသီးနှံအကြွင်းအကျန်များဖြစ်သည့် နှမ်းရိုး၊ မြေပဲရိုးများဖြင့် EM ဘိုကာရှီမြေဆွေး အသုံးချ၍ သဘာဝမြေဩဇာပြုလုပ်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ (၁၀ပေ၊ ၆ပေ၊ ၄ပေ) မြေဆွေးပုံများ ပြုလုပ်၍ တောင်သူများဖြင့် ပေါင်းစပ်ကာ ပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း