ဒေးဒရဲ အောက်တိုဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နှစ်စဉ်မပြတ်ကျင်းပလျက်ရှိသည့် (၂၆) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီအပူဇော်ခံပွဲအား ယမန်နေ့ညနေ (၃) နာရီက စတင်၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ အဖွဲ့အစည်းများက မိမိတို့မဲကျသည့် ဘုရားများအား ဆုတောင်းပြည့်စုံ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး ပရိဝုဏ်စတင်၍ မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်အပူဇော်ခံလျက်ရှိကြောင်း သိရသည်။
အဆိုပါ နှစ်ကျိပ်ရှစ်ဆူဘုရားများ လှည့်လည်အပူဇော်ခံပွဲအား နှစ်စဥ် သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့ ညနေပိုင်းတွင် မြို့ပေါ်၊ ကျေးရွာများသို့ စုပေါင်းစီတန်း၍ လှည့်လည်အပူဇော်ခံသွားလျက်ရှိရာ သက်ဆိုင်ရာအဖွဲ့အစည်းများအလိုက် ပင့်ဆောင်ပူဇော်ထားသည့် ဘုရားများ လမ်းတစ်လျှောက်ရှိ ပြည်သူများက အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူလျက်ရှိကြောင်း သိရသည်။
ထို့ပြင် မြို့ကျက်သရေဆောင် ဆုတောင်းပြည့်စုံ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီးအား သီတင်းကျွတ်လဆန်း (၁၄) ရက်နေ့မှ လပြည့်ကျော် (၁) ရက်နေ့အထိ ဌာနဆိုင်ရာများ၊ လူမှုရေးနှင့် ဘာသာရေးအဖွဲ့အစည်းများက စေတီတော်မြတ်ကြီးအား ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်ဆက်ကပ်လှူဒါန်းခြင်း၊ လာရောက်သူများအား စတုဒိသာကျွေးမွေးလှူဒါန်းခြင်းများကို ပြုလုပ်လျက်ရှိကြောင်း ဆုတောင်းပြည့်စုံ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က သိရသည်။
အေဇာလင်း