သီတင်းကျွတ်လပြည့်အဘိဓမ္မာအခါတော်နေ့တွင် သံဃပဝါရဏာ သိမ်ဆင်းလောင်းလှူ၊ ဆီမီး (၉၀၀၀) ထွန်းညှိပူဇော်၊ ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကား

ဘားအံ စက်တင်ဘာ ၁၈

ပြည်နယ်ဩဝါဒစရိယ ဇွဲကပင်တောင်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓမ္မကထိကဗဟုဇနဟိတဓရဘဒ္ဒန္တကဝိဓဇ အမှူးပြုသော ဆရာတော်၊သံဃာတော်များသည် ဝါလကင်းလွတ်သီတင်းကျွတ်လပြည့်နေ့ ယမန်နေ့ မွန်းတည့် ၁၂ နာရီက ဘားအံမြို့ မဲဘောင်ကျောင်းတိုက်၌ သံဃပဝါရဏာပြုတော်မူကြရာ ကရင်ပြည်နယ်အစိုးရအဖွဲ့မှဦးစီး၍ သံဃပဝါရဏာ သိမ်ဆင်းလောင်းလှူခဲ့ကြသည်။

ဘားအံမြို့၊ မဲဘောင်ကျောင်းတိုက်သိမ်တော်ကြီးအတွင်း ဘားအံမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးမှ ဩဝါဒ ဆရာတော်ကြီးများ၊ သံဃာတော်များက ပဝါရဏာပြုတော်မူကြပြီး ပဝါရဏာပြုပြီးသည့် ဆရာတော်၊ သံဃာတော်များအား ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘားအံမြို့ပေါ်ရှိ စေတနာရှင်၊ အလှူရှင်များက သိမ်ဆင်းလောင်းလှူကြရာ စုစုပေါင်း ရဟန်း၊ သံဃာ၊ သာမဏေ ၃၆၀ ပါးအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ စုပေါင်းလောင်းလှူခဲ့ကြသည်။

ဆက်လက်၍ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ သေဋ္ဌမာရ်အောင်ဘုရားကြီးရင်ပြင်တော်၌ ဆီမီး (၉၀၀၀) ဆက်ကပ်ပူဇော်ပွဲကို ညနေ ၇ နာရီခန့်က ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဝတ်ရွတ်အသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ရဟန်း၊ ရှင်လူ၊ ဘုရားဖူးပြည်သူများ တက်ရောက်၍ စည်ကားသိုက်မြိုက်စွာ ဆီးမီးများထွန်းညှိပူဇော်ခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သေဋ္ဌမာရ်အောင်ဘုရားကြီး ဆုတောင်းပြည့်ကောင်းမှုတော်စေတီကြီးတွင် ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်မိသားစု၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဝတ်ရွတ်အသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ ဘုရားဖူးလာရောက်ကြသော ရဟန်းရှင်လူပြည်သူများက ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဆီမီး (၉၀၀၀) ထွန်းညှိပူဇော်ပွဲ စာသားပါ ဆီမီး (၉၀၀၀) ကို ထွန်းညှိပူဇော်ကြသည်။

ထိုသို့ တိုင်းရင်းသားပြည်သူများ ဆီမီး (၉၀၀၀) ထွန်းညှိပူဇော်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ဆီးမီးထွန်းညှိပူဇော်သူများနှင့် ဘုရားဖူးပြည်သူများသည် သေဋ္ဌမာရ်အောင်ဘုရားကြီး ပရိဝုဏ်အတွင်းရှိ ဆုတောင်းပြည့်ကောင်းမှုတော်စေတီတော်နှင့် ကြေသွန်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတို့အား စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုကြခြင်း၊ တရားဘဝနာပွားများခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

သီတင်းကျွတ်လပြည့်နေ့သည် မြန်မာတို့၏အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သည်နှင့်အညီ ဘားအံမြို့တွင် နံနက်မိုးသောက်အလင်းရောက်သည်နှင့် ကျောင်းတိုက်အသီးသီးသို့ ဥပုဒ်သီလခံယူဆောက်တည်ရန် သွားရောက်ကြသူများ၊ ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မီးပုံးပျံလွှတ်တင်ပူဇော်ပွဲ၊ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ ပင့်ဖိတ်ပူဇော်ကန်တော့ပွဲ၊ သံဃပဝါရဏာသိမ်ဆင်းလောင်းလှူပွဲ၊ ဆီမီး (၉၀၀၀) ထွန်းညှိပူဇော်ပွဲတို့တွင် ပါဝင်ဆင်နွှဲကြသူများ၊ မိဘ၊ ဘိုးဘွား၊ ဆရာသမားများအား လိုက်လံကန်တော့ကြသူများ၊ ကျောင်း၊ ကန်၊ ဘုရား၊ စေတီများတွင် မိသားစုအလိုက်သော်လည်းကောင်း၊ အစုအဖွဲ့များဖြင့်သော်လည်းကောင်း ကောင်းမှုကုသိုလ်ပြုကြသူများ၊ အများပြည်သူဆိုင်ရာနေရာများ(ပန်းခြံ၊ ဈေး၊ ခရီးစဉ်ဒေသများ၊ မုန့်ဈေးတန်းများတွင်) အနားယူအပန်းဖြေကြသူများ၊ ရပ်ကွက်တွင်းရှိ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းများ၊ နေအိမ်များတွင် လျှပ်စစ်မီး၊ ဆီမီး၊ ဖယောင်းတိုင်မီးများ ထွန်းညှိပူဇော်ကြသူများဖြင့် အထူးပင်စည်ကားလျက်ရှိကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)