ဖြူး အောက်တိုဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ လိပ်သေကျေးရွာအုပ်စု၊ မင်းလမ်း (မြန်မာ) ကျေးရွာ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ VDP စီမံကိန်းထောက်ပံ့ငွေဖြင့် ကျောက်ရောမြေလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ (၇၀) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဖြူးမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကျေးရွာ(၇)ရွာ၊ တစ်ရွာလျှင် ထောက်ပံ့ငွေသိန်း (၁၅၀) ဖြင့် ကျေးရွာလူမှုဘဝဖွံ့ဖြိုတိုးတက်ရေးအတွက် ကျောက်ရောမြေခင်းခြင်းလုပ်ငန်းများနှင့် ရေသန့်စင်စက်တပ်ဆင်ခြင်းလုပ်ငန်းများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ မင်းလမ်း (မြန်မာ) ကျေးရွာတွင် လမ်းအရှည် (၃၅၀၀) ပေ၊ လမ်းအကျယ် (၁၂) ပေ၊ ထု (၆) လက်မရှိ ကျောက်ရောမြေခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်းနှင့် လိပ်သေကျေးရွာအုပ်စုအတွင်း ကျေးရွာများကိုသာမက ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကိုပါ သွားလာရေးအထောက်အကူပြုစေမည့် လမ်းတစ်လမ်းဖြစ်ကြောင်း ကျေးရွာဒေသခံများထံမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)