မြဝတီမြို့ ရွှေကုက္ကိုမြိုင် အခြေခံပညာအထက်တန်းကျောင်း၏ ထာဝရချစ်သူ သုံးထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

မြဝတီ အောက်တိုဘာ ၁၈

ကရင်ပြည်နယ်၊ မြဝတီမြို့ ရွှေကုက္ကိုမြိုင် အခြေခံပညာအထက်တန်းကျောင်း၏ ထာဝရချစ်သူ သုံးထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့်ပညာရေးဌာနသို့  လွှဲပြောင်းပေးအပ်ပွဲ  အခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်းဆောင်ရှေ့ မျက်နှာစာတွင် ကျင်းပခဲ့ရာ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များ ဗဟိုအကြံပေးနှင့်ကွပ်ကဲရေး အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်စောချစ်သူ၊ ခရိုင်ပညာရေးမှူး ဦးသန်းဆွေဦးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ကျောင်းဆောင်သစ်အား မင်္ဂလာအချိန်တွင် စက်ခလုတ်နှိပ်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ဦးစွာ ရွှေကုက္ကိုမြိုင်အောင် မင်္ဂလာကျောင်းတိုက် ဦးစီးပဓာနဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တကေသရ၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များ  ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်စောချစ်သူ၊ ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ကျောင်းဆောင်သစ်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးပြီး စာသင်ခန်းများ၊ ကွန်ပျူတာခန်းတို့အား လှည့်လည် ကြည့်ရှုခဲ့ကြသည်။

အခမ်းအနားဒုတိယပိုင်းတွင် ကျောင်းသား၊ ကျောင်းသူများက ပညာပန်းခင်းတေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပေးပြီး ကျောင်းဆောင်သစ်အလှူရှင်  ကရင်ပြည်နယ်  နယ်ခြားစောင့်တပ်များ   ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် စောချစ်သူက အဖွင့်အမှာစကား ပြောကြားပေးပြီး  ခရိုင်ပညာရေးမှူး ဦးသန်းဆွေဦးက ပညာရေးကဏ္ဍနှင့်စပ်လျဉ်း၍ အမှာစကားနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်မူနာဖောက ကျေးဇူးတင်စကား ပြောကြားပေးသည်။ ထို့နောက် သုံးထပ်ကျောင်းဆောင်သစ်နှင့် သက်ဆိုင်သော စာရွက်စာတမ်းများ၊ အထိမ်းအမှတ်အလံများအား ကျောင်းဆောင်သစ်အလှူရှင် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအထွေထွေအတွင်းရေးမှူး  ဗိုလ်ချုပ် စောချစ်သူက  လွှဲပြောင်းပေးအပ်ရာ ခရိုင်ပညာရေးမှူး ဦးသန်းဆွေဦးနှင့် ခရိုင်ပညာရေးဌာန တာဝန်ရှိသူများက လက်ခံရယူသည်။

ဆက်လက်ပြီး ကျောင်းဆောင်သစ်အလှူရှင် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များ ဗဟိုအကြံပေးနှင့်ကွပ်ကဲရေး အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်စောချစ်သူအား ခရိုင်ပညာရေးမှူး ဦးသန်းဆွေဦးက အလှူရှင်ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။ အဆိုပါ ထာဝရချစ်သူ သုံးထပ်ကျောင်းဆောင်ကို အလျား ၂၉၀ပေ၊ အနံ ၃၁ ပေ RC သုံးထပ်ဖြင့်  ဆောက်လုပ်လှူဒါန်းထားခြင်းဖြစ်၍  ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)