သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ တန်ခိုးကြီးဘုရားစေတီများ၌ ကုသိုလ်ဒါနပြုကြသူများ၊ ဘုရားဖူးလာ ပြည်သူများနှင့် စည်ကားများပြား

နေပြည်တော်  အောက်တိုဘာ   ၁၈

၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) အောက်တိုဘာလ ၁၇ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ တန်ခိုးကြီးဘုရားစေတီများ၌ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားများ ကျင်းပလျက်ရှိပြီး ကုသိုလ်ဒါနပြုကြသူများ၊ ဘုရားဖူးလာ ပြည်သူများနှင့် စည်ကားများပြားခဲ့သည်။

သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) သည် တာဝတိံသာနတ်ပြည်၌ မယ်တော်သန္တုသိတနတ်သားအား အမှူးထား၍ အဘိဓမ္မာဒေသနာတော် ဟောကြားတော်မူပြီး တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ပြန်လည်ကြွချီလာသော မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ပန်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် ထွန်းညှိပူဇော်သော နေ့ထူးနေ့မြတ်ရက်လည်းဖြစ်သည်။

ထိုသို့သော နေ့ထူးနေ့မြတ်၌ ကန့်ဘလူမြို့၏ ကျက်သရေဆောင် မဟာရွှေစည်ကြီးစေတီတော်နှင့် အထင်ကရ ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်၊ မြို့မရုံးဦးကျောင်းတိုက်၊ လေးကျွန်းမာရ်အောင် စေတီတော်မြတ်ကြီး၊ မုံရွာမြို့အတွင်းရှိ ရွှေစည်းခုံစေတီတော်ကြီး၊ ဆု‌တောင်းပြည့်ဘုရားကြီးနှင့် တန်ခိုးကြီးဘုရားများ၊ ဘုန်း‌တော်ကြီးကျောင်းများ၊ ရွှေဘိုမြို့နယ်အတွင်းရှိ သမိုင်းဝင် အထင်ကရနေရာများဖြစ်သည့် အလောင်းမင်းတရားကြီး တည်ထားကိုးကွယ်တော်မူခဲ့သော မော်ဓေါမြင်သာမြို့ထောင့်စေတီတော် ဘုရား၊ မဟာအောင်မြေ၊ ရွှေတန်ဆာ၊ ချမ်းသာကြီး ချမ်းသာရဘုရားတို့တွင် ဥပုသ်သီလ ဆောက်တည်သူများ၊ ကုသိုလ်ဒါနပြုကြသူများ၊ စတုဒိတာကျွေးမွေး ကုသိုလ်ပြုသူများ၊ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးကုသိုလ်ပြုသူများ၊  အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ထို့အတူ စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာကောင်းမှုတော်စေတီတော်မြတ်ကြီးတွင် ကိန်းဝပ် စံပယ်တော်မူကြသော ဂေါတမမြတ်စွာဘုရားရှင်၏ လက်ဝဲအောက်စွယ်တော်မြတ်အစစ်(၁)ဆူ၊ အနားရစ် လေးရစ်ပါ မြသပိတ်တော်(၁)လုံး၊ ဆံတော်(၁၀)ဆူနှင့် ဓာတ်တော်/ မွေတော်များစွာတို့အား ဒုတိယအကြိမ် ဆီမီး (၉၀၀၀)ထွန်းညှိပူဇော်ပွဲ အခမ်းအနားကို ကျင်းပရာ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် တာဝန်ရှိသူများ၊ ဘုရားဂေါပကအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဘုရားဖူးလာပြည်သူများက ဘုရားကြီးအား ဆီမီးများဖြင့် ထွန်းညှိ ပူဇော်ခဲ့ကြသည်။

အလားတူ တမူးမြို့နယ်တွင်လည်း မြို့ပေါ်ကျောင်းတိုက်အသီးသီးမှ ဝါတွင်းကာလဝါဆို ဝါကပ်တော်မူကြသော သံဃာတော်အရှင်သူမြတ် (၂၂၅)ပါးတို့အား သိမ်ဆင်းချိန်တွင် တမူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး အောင်ခိုင်မိုး၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသိုက်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များ သင်္ကန်းအစရှိသော လှူဖွယ်ပစ္စည်းများ လှူဒါန်းကာ ပဝါရဏာ အခမ်းအနား ကျင်းပခဲ့သည်။

သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့) တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ ဘုရားစေတီများတွင် ဘုရားဖူးလာ ပြည်သူများက ပန်း၊ ရေချမ်း၊ ဆီမီးများ ပူဇော်ခြင်း၊ အလှူရှင်များက စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်း၊ မြို့နယ်၊ ရပ်ကွက်အသီးသီးရှိ လမ်းများ၌ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း၊ သက်ကြီး၊ ဝါကြီး၊ မိဘ၊ အဘိုး၊ အဘွား၊ ဆရာသမားများအား ကန်တော့ခြင်း၊ ဥပုသ်သီလ ဆောက်တည်ကြခြင်း၊ ရုံးများ၊ လူနေအိမ်များနှင့် လမ်းများ၌ ရောင်စုံလျှပ်စစ်မီးများ၊ ဆီမီးများ၊ ဖယောင်းတိုင်မီးများ ထွန်းညှိပူဇော်ကြခြင်းများ ပြုလုပ်ကြရာ အထူးစည်ကားလျက်ရှိကြောင်း သိရသည်။