ပုသိမ်မြို့၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ ကျင်းပသည့် ဝါတွင်းကာလ ဥပုသ်သီလဆောက်တည်ခြင်း၊ သင်္ကန်း၊ ဆွမ်းဆန်တော်နှင့်ဆီ ဆက်ကပ်လှူဒါန်းပွဲအောင်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ

ပုသိမ် အောက်တိုဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ကျင်းပသည့် ဝါတွင်းကာလဥပုသ်သီလဆောက်တည်ခြင်း၊ သင်္ကန်း၊ ဆွမ်းဆန်တော်နှင့်ဆီ ဆက်ကပ်လှူဒါန်းပွဲအောင်ပွဲ မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်၌ ကျင်းပခဲ့သည်။

ဦးစွာ အခမ်းအနားကို ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များဦးဆောင်၍ ဧည့်ပရိသတ်များက  “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီးနောက် ပုသိမ်မြို့၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဇောတိဿရ အရှင်သူမြတ်ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များအား ဆက်လက်နာယူကြည်ညိုခဲ့ကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လှူဖွယ်ဝတ္တူပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် ပုသိမ်မြို့၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဇောတိဿရ အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရား နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကာ ဆရာတော်၊ သံဃာတော်သူမြတ်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)