ပုသိမ် အောက်တိုဘာ ၁၈
MAIအပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း၊ ရန်ကုန်-ပုသိမ်-မန္တလေး-ဟုမ္မလင်း-မန္တလေး- ရန်ကုန်လေယာဉ်ခရီးစဉ်မှ ခရီးသည်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ပုသိမ်လေဆိပ်သို့သွားရောက်၍ ရင်းနှီးနွေးထွေးစွာကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်လေဆိပ်သို့သွားရောက်၍ ဆိုက်ရောက်၊ ထွက်ခွာနေရာများ၊ ခရီးသည်စစ်ဆေးရေးခန်းမများအားကြည့်ရှုစစ်ဆေးခဲ့ပြီး ခရီးသည်များအေးချမ်းစွာနားနေနိုင်ရေး၊ လုံခြုံရေးပေါ့ဆမှုမရှိစေရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။ ဆက်လက်၍ MAIအပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း၊ ရန်ကုန်-ပုသိမ်-မန္တလေး-ဟုမ္မလင်း- မန္တလေး- ရန်ကုန်လေယာဉ်ခရီးစဉ်မှ ပုသိမ်လေဆိပ်သို့ဆိုက်ရောက်လာရာ ခရီးသည်များအား တိုင်းဒေသကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများက အိုးစည်အကအဖွဲ့များဖြင့် ရင်းနှီးနွေးထွေးစွာကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ခရီးသည်များနှင့် လေကြောင်းလိုင်းတာဝန်ရှိသူများအား ပုသိမ်ဒေသထွက် အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်-မန္တလေးခရီးစဉ်သို့ လိုက်ပါမည့် ခရီးသည်များအား ရင်းနှီးစွာပို့ဆောင်နှုတ်ဆက်ခဲ့သည်။ ပုသိမ်လေဆိပ်တွင် ရန်ကုန်-ပုသိမ်-မန္တလေး-ဟုမ္မလင်း-မန္တလေး-ရန်ကုန်လေယာဉ်ခရီးစဉ်မှ ခရီးသည်များအတွက် ပုသိမ်မြို့တွင်းရှိ ထင်ရှားသောအထင်ကရနေရာများ၊ ဘုရား၊ စေတီများနှင့် ငွေဆောင်၊ ချောင်းသာစသည့် ကမ်းခြေဒေသများနှင့် တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များသို့ သွားလာလည်ပတ်နိုင်ရန်အတွက်(မိုက်ခရို/မီနီဘတ်) စင်းလုံးငှားပို့ဆောင်ရေး ဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးထားကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)