သီတင်းကျွတ်ရုံးပိတ်ရက်ကာလ ချောင်းသာကမ်းခြေ၌ အပန်းဖြေသူများဖြင့် စည်ကား

ချောင်းသာ အောက်တိုဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ ချောင်းကမ်းခြေ၌ သီတင်းကျွတ်ရုံးပိတ်ရက်ကာလတွင် ခရီးသွားဧည့်သည်ဝင်ရောက်မှု များပြားလျက်ရှိရာ ယမန်နေ့က ချောင်းသာကမ်းခြေတစ်လျှောက်တွင် အပန်းဖြေသူ၊ ရေကူးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ချောင်းသာကမ်းခြေသို့ လာရောက်လည်ပတ်သူများ စိတ်အေးချမ်းပျော်ရွှင်စွာ အနားယူနိုင်ရန်၊ လုံခြုံမှုရှိစေရန်၊ ကမ်းခြေသန့်ရှင်း သာယာလှပရန်၊ ကမ်းခြေတွင် စျေးရောင်းချသည့်စျေးသည်များ သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချစေရန်၊ ယာဥ်ကြောပိတ်ဆို့မှု မဖြစ်စေရန်တို့အတွက် မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်ဦးဆောင်ပြီး ဌာနဆိုင်ရာနှင့် ဒေသခံပြည်သူများ ပါဝင်သော ပူးပေါင်းအဖွဲ့များက ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ချောင်းသာမြို့သည် ပူအိုက်စိုစွတ်သော ရာသီဉတုရှိပြီး အမြင့်ဆုံးအပူချိန်(37.7°C) နှင့် အနိမ့်ဆုံးအပူချိန် (17.8°C) ရှိ၍ ပင်လယ်ရေမျက်နှာပြင်အမြင့် (၇)ပေရှိပြီး ချောင်းသာကမ်းခြေမှာ ရှည်လျားကျယ်ပြန့်ပြီး သဲသောင်ပြင်ညီညာပြန့်ပြူးမှု၊ ပင်လယ်ရေကြည်လင်မှုနှင့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများ ကောင်းမွန်မှုတို့ကြောင့် ခရီးသွားဧည့်သည်များ စဉ်ဆက်မပြတ် ဝင်ရောက်ကြောင်း သိရပြီး ချောင်းသာမြို့သို့ ဝင်ရောက်လာသည့် ခရီးသွားဧည့်သည်များသည် ချောင်းသာကမ်းခြေအပြင်  ဖိုးကလားကျွန်း၊ သဲဖြူကျွန်းတို့သို့ စက်လှေ၊မော်တော်ဘုတ်များ၊ ကျောက်မောင်နှစ်မသို့ ကား၊ သုံးဘီးဆိုင်ကယ်၊ ဆိုင်ကယ်များဖြင့် သွားရောက်လည်ပတ်မှုများအပြင် ဒေသထွက်အစားအစာ၊ အမှတ်တရပစ္စည်းရောင်းချရာနေတို့တွင်လည်း လေ့လာကြည့်ရှုသူ၊ ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ကျော်ကျော် (ပြန်/ဆက်)