သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ တန်ခိုးကြီးဘုရားစေတီများ၌ ကုသိုလ်ဒါနပြုကြသူများ၊ ဘုရားဖူးလာ ပြည်သူများ၊ မီးထွန်းပွဲတော် ဆင်နွှဲသူများနှင့် စည်ကားများပြား

နေပြည်တော်  အောက်တိုဘာ   ၁၈

၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) အောက်တိုဘာလ ၁၇ ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ တန်ခိုးကြီးဘုရားစေတီများ၌ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားများ ကျင်းပလျက်ရှိပြီး ကုသိုလ်ဒါနပြုကြသူများ၊ ဘုရားဖူးလာ ပြည်သူများနှင့် စည်ကားများပြားခဲ့သည်။

သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) သည် တာဝတိံသာနတ်ပြည်၌ မယ်တော်သန္တုသိတနတ်သားအား အမှူးထား၍ အဘိဓမ္မာဒေသနာတော် ဟောကြားတော်မူပြီး တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ပြန်လည်ကြွချီလာသော မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ပန်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် ထွန်းညှိပူဇော်သော နေ့ထူးနေ့မြတ်ရက်လည်းဖြစ်သည်။

ထိုသို့သော နေ့ထူးနေ့မြတ်၌ ပခုက္ကူမြို့ရှိ သီဟိုဠ်ရှင်မြတ်စွာဘုရား၊ ရွှေကူမြတ်စွာဘုရား၊ ဖောင်တော်ဦးဘုရား၊ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၊ ဆင်ပေါင်ဝဲမြို့ရှိ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဘုရားငါးဆူစေတီတော်မြတ်ကြီး အပါအဝင် ဘုရားစေတီပုထိုးများ၊ သရက်မြို့နယ်ရှိ ရွှေသက်လွတ် စေတီတော်မြတ်ကြီးနှင့် ဘုန်းတော်ကြီးကျောင်းများ၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာ ရွှေအင်းတောင်စေတီတော်မြတ်ကြီး၊ အောင်မြင်ဇေယျ ရခိုင်စေတီတော်မြတ်ကြီး၊ အပါအဝင်ဘုရား‌ စေတီပုထိုးတို့၌ ဥပုသ်သီလ ဆောက်တည်သူများ၊ ကုသိုလ်ဒါနပြုကြသူများ၊ စတုဒိတာကျွေးမွေး ကုသိုလ်ပြုသူများ၊ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး၊ သစ်သီးဆွမ်း ကပ်လှူပူဇော်သူများ၊ ကုသိုလ်ပြုသူများ၊  အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့) တွင် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ ဘုရားစေတီများတွင် ဘုရားဖူးလာ ပြည်သူများက ပန်း၊ ရေချမ်း၊ ဆီမီးများ ပူဇော်ခြင်း၊ အလှူရှင်များက စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်း၊ မြို့နယ်၊ ရပ်ကွက်အသီးသီးရှိ လမ်းများ၌ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း၊ သက်ကြီး၊ ဝါကြီး၊ မိဘ၊ အဘိုး၊ အဘွား၊ ဆရာသမားများအား ကန်တော့ခြင်း၊ ဥပုသ်သီလ ဆောက်တည်ကြခြင်း၊ ရုံးများ၊ လူနေအိမ်များနှင့် လမ်းများ၌ ရောင်စုံလျှပ်စစ်မီးများ၊ ဆီမီးများ၊ ဖယောင်းတိုင်မီးများ ထွန်းညှိပူဇော်ကြခြင်းများ ပြုလုပ်ကြရာ အထူးစည်ကားလျက်ရှိကြောင်း သိရသည်။