နေပြည်တော် အောက်တိုဘာ ၁၈
၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ တန်ခိုးကြီးဘုရားစေတီများ၌ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားများ ကျင်းပလျက်ရှိပြီး ကုသိုလ်ဒါနပြုကြသူများ၊ ဘုရားဖူးလာ ပြည်သူများနှင့် စည်ကားများပြားခဲ့သည်။
သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) သည် တာဝတိံသာနတ်ပြည်၌ မယ်တော်သန္တုသိတနတ်သားအား အမှူးထား၍ အဘိဓမ္မာဒေသနာတော် ဟောကြားတော်မူပြီး တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ပြန်လည်ကြွချီလာသော မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ပန်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် ထွန်းညှိပူဇော်သော နေ့ထူးနေ့မြတ်ရက်လည်းဖြစ်သည်။
ထိုသို့သော နေ့ထူးနေ့မြတ်၌ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ရှိ သမိုင်းဝင်ငါးထပ်ကြီးမြတ်စွာဘုရား ရုပ်ပွားတော်မြတ်ကြီး၊ ပြည်မြို့လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးနှင့် တောင်ငူမြို့ ကျက်သရေဆောင် သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီးတို့၌ ဥပုသ်သီလ ဆောက်တည်သူများ၊ ကုသိုလ်ဒါနပြုကြသူများ၊ စတုဒိတာကျွေးမွေး ကုသိုလ်ပြုသူများ၊ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး၊ သစ်သီးဆွမ်း ကပ်လှူပူဇော်သူများ၊ ကုသိုလ်ပြုသူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အလားတူ ဘဏ္ဍာထိန်းဂေါပကအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၏ ပူးပေါင်းစီစဉ်မှုဖြင့် နှစ်စဉ်ရိုးရာမပြတ် သီတင်းကျွတ်ဆီမီးထွန်းညှိ ပူဇော်ပွဲများကိုလည်း ကျင်းပလျက်ရှိရာ မင်းလှမြို့နယ် သရက်တပင်ကျေးရွာအုပ်စု၊ မြို့ဦးနနွင်းဘုရားစေတီတော်ကြီး၌ ဆီမီးတစ်ထောင် ပူဇော်ပွဲကို ကျင်းပပြုလုပ်ရာ မြို့ဦးနနွင်းဘုရားစေတီတော်ကြီး ဂေါပကအဖွဲ့က စတုဒိသာများ လှူဒါန်းကျွေးမွေးခဲ့သည်။
ထို့အတူ သဲကုန်းမြို့နယ် အင်းမမြို့ သီရိရတနာရပ်ကွက် မြို့လည်ဓမ္မာရုံ၌ တည်ထား ကိုးကွယ်တော်မူသော ရပ်တော်မူဆုတောင်းပြည့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး (၁၁၅) ကြိမ်မြောက် မြို့တွင်းဒေသစာရီကြွ ချီအပူဇော်ခံပွဲနှင့် အင်းမမြို့လုံးဆိုင်ရာ ဆွမ်းစိမ်းလောင်းလှူပွဲအခမ်းအနားကို လည်းကောင်း၊ ပေါင်းတည်မြို့နယ်၌ (၁၄၀) ကြိမ်မြောက်မြို့လုံးကျွတ် ဆွမ်းကြီးလောင်းလှူပွဲကို သကျမုနိမိုဃ်းကောင်းဘုရား၌ လည်းကောင်း၊ နတ်တလင်းမြို့နယ် We Love Nattalin ပန်းခြံရှေ့တွင် သီတင်းကျွတ်လပြည့်နေ့ အထိမ်းအမှတ် နိဗ္ဗာန်စျေးအလှူပွဲတော်ကို လည်းကောင်း၊ ရွှေတောင်မြို့ ကြာနီကန်ရပ်ကွက်၊ ကူကြီးမြတ်စွာဘုရားကြီး ဂေါပကအဖွဲ့နှင့် လမ်းလူငယ်မောင်မယ်လေးများ ဦးဆောင်ကျင်းပသည့် သီလရှင်ကျောင်း (၂၅) ကျောင်းတွင် သီလရှင်ဆရာကြီး၊ ဆရာလေးများအား (၆၄) ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို လည်းကောင်း စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့) တွင် ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ ဘုရားစေတီများတွင် ဘုရားဖူးလာ ပြည်သူများက ပန်း၊ ရေချမ်း၊ ဆီမီးများ ပူဇော်ခြင်း၊ အလှူရှင်များက စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်း၊ မြို့နယ်၊ ရပ်ကွက်အသီးသီးရှိ လမ်းများ၌ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း၊ သက်ကြီး၊ ဝါကြီး၊ မိဘ၊ အဘိုး၊ အဘွား၊ ဆရာသမားများအား ကန်တော့ခြင်း၊ ဥပုသ်သီလ ဆောက်တည်ကြခြင်း၊ ရုံးများ၊ လူနေအိမ်များနှင့် လမ်းများ၌ ရောင်စုံလျှပ်စစ်မီးများ၊ ဆီမီးများ၊ ဖယောင်းတိုင်မီးများ ထွန်းညှိပူဇော်ကြခြင်းများ ပြုလုပ်ကြရာ အထူးစည်ကားလျက်ရှိကြောင်း သိရသည်။