နေပြည်တော် အောက်တိုဘာ ၁၈
၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ တန်ခိုးကြီးဘုရားစေတီများ၌ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားများ ကျင်းပလျက်ရှိပြီး ကုသိုလ်ဒါနပြုကြသူများ၊ ဘုရားဖူးလာ ပြည်သူများနှင့် စည်ကားများပြားခဲ့သည်။
သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) သည် တာဝတိံသာနတ်ပြည်၌ မယ်တော်သန္တုသိတနတ်သားအား အမှူးထား၍ အဘိဓမ္မာဒေသနာတော် ဟောကြားတော်မူပြီး တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ပြန်လည်ကြွချီလာသော မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ပန်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် ထွန်းညှိပူဇော်သော နေ့ထူးနေ့မြတ်ရက်လည်းဖြစ်သည်။
ထိုသို့သော နေ့ထူးနေ့မြတ်၌ အိမ်မဲမြို့နယ်ရှိ သမိုင်းဝင် ဆုတောင်းပြည့်ရှင်ပင်ချမ်းသာကြီး ရုပ်ရှင်တော်မြတ်ကြီး၊ ဟင်္သာတမြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီပုထိုးများ၊ ကန်ကြီးထောင့်မြို့နယ်၊ ကျုံဒရယ်ကျေးရွာအုပ်စုရှိ ၁၀၈ တောင်ဂမုန်းပေါင်းစေတီကျောင်းတိုက်၊ ကျိုက်လတ်မြို့နယ် (၂)ဖြတ်လမ်းတွင် တည်ထားကိုးကွယ်တော်မူသော မဟာအတုလမြတ်မုနိံ ရပ်တော်မူဘုရားကြီး၊ မအူပင်မြို့ပေါ်ရှိ ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီး၊ ပေါ်တော်မူ စေတီတော်မြတ်ကြီးနှင့် စိမ်းမြကန်သာစေတီတော်မြတ်ကြီး၊ မြန်အောင်မြို့ရှိ ရှေးဟောင်းသမိုင်းဝင်စေတီပုထိုးများ၊ မြောင်းမြမြို့ရှိ စကြာသီဟ၊ စကြာနန္ဒစေတီတော်မြတ်ကြီး၊ ကျောင်းကုန်းမြို့၏ ကျက်သရေဆောင် မျက်ရှင်တော်ပြည်လုံးချမ်းသာဘုရားကြီး၊ သာပေါင်းမြို့ အမှတ်(၂)ရပ်ကွက် ငြိမ်းချမ်းပြည့်ဝအောင်သိဒ္ဓိစေတီတော်ကြီး၊ ဝါးခယ်မမြို့နယ်ရှိ သကျမဟာသီရိမြတ်စွာဘုရားကြီး၊ အမာမြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများ၊ အင်္ဂပူမြို့နယ်ရှိ သမိုင်းဝင်စေတီပုထိုးများ၊ ကန်ကြီးထောင့်မြို့နယ်ရှိ လောကမှန်ကူဆုတောင်းပြည့် စေတီတော်မြတ်ကြီး၊ ကြံခင်းမြို့နယ်ရှိ ဂေါတမသဗ္ဗညုရွှေပြည်အေး(၁၁)ထပ်ဘုရားကြီး၊ မော်လမြိုင်ကျွန်းမြို့ပေါ်ရှိ တာဝတိံသာမြတ်စွာဘုရားကြီးနှင့် အခြားသော တန်ခိုးကြီးဘုရား စေတီများ၊ ငွေဆောင်မြို့ရှိ မြို့ဦးစေတီတော်မြတ်ကြီး၊ ဖျာပုံမြို့ လောကမာန်အောင် မြောက်ပိုင်းဘုရားကြီး၊ ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီးတို့၌ ဥပုသ်သီလဆောက်တည်သူများ၊ ကုသိုလ်ဒါနပြုကြသူများ၊ စတုဒိတာကျွေးမွေး ကုသိုလ်ပြုသူများ၊ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး၊ သစ်သီးဆွမ်း ကပ်လှူပူဇော်သူများ၊ ကုသိုလ်ပြုသူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ၊ မီးပုံးလွှတ်တင်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့) တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ ဘုရားစေတီများတွင် ဘုရားဖူးလာ ပြည်သူများက ပန်း၊ ရေချမ်း၊ ဆီမီးများ ပူဇော်ခြင်း၊ အလှူရှင်များက စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်း၊ မြို့နယ်၊ ရပ်ကွက်အသီးသီးရှိ လမ်းများ၌ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း၊ သက်ကြီး၊ ဝါကြီး၊ မိဘ၊ အဘိုး၊ အဘွား၊ ဆရာသမားများအား ကန်တော့ခြင်း၊ ဥပုသ်သီလ ဆောက်တည်ကြခြင်း၊ ရုံးများ၊ လူနေအိမ်များနှင့် လမ်းများ၌ ရောင်စုံလျှပ်စစ်မီးများ၊ ဆီမီးများ၊ ဖယောင်းတိုင်မီးများ ထွန်းညှိပူဇော်ကြခြင်း၊ ရောင်စုံမီးပုံးများ လွှတ်တင်ခြင်းများ ပြုလုပ်ကြရာ အထူးစည်ကားလျက်ရှိကြောင်း သိရသည်။