ဟုမ္မလင်းမြို့၌ သီတင်းကျွတ်မီးထွန်းပွဲတော် နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပ

ဟုမ္မလင်း အောက်တိုဘာ ၁၈

ယနေ့သည် သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)ဖြစ်သည်နှင့်အညီ ဟုမ္မလင်းမြို့အတွင်းရှိ စေတီဘုရားများ၊ မြို့နယ်၊ ရပ်ကွက်အသီးသီးရှိ စေတီပုထိုး၊ ဓမ္မာရုံများတွင် ကုသိုလ်ပြုကြသူများ၊ အဘိဓမ္မာအခါတော်နေ့ ပူဇော်ပွဲများ သံဃာတော်များ၏ ပဝါရဏာပွဲများ၊ ပူဇော်ကန်တော့ပွဲများကို ပျော်ရွှင်စွာကျင်းပကြပြီး ဓမ္မစကြာဝတ်အသင်းများနှင့် ဘုရားဖူးလာပြည်သူများသည် ပန်း၊ ဆီမီး၊ ရေချမ်း၊ ရွှေသင်္ကန်းများ လာရောက်ပူဇော်ကြပြီး အထူးစည်ကားလျက်ရှိ၍ နေအိမ်များတွင်လည်း ဆီမီးရောင်စုံများ ထွန်းညှိပူဇော်ကြသည်။ အထူးသဖြင့် ဟုမ္မလင်းမြို့၊ ဆုတောင်းပြည့်ဘုရားနှင့် ဗုဒ္ဓဝင်ဥယျာဉ်တော်တွင်းရှိ ဘုရား၊ စေတီပုထိုးများ၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများနှင့် အထူးစည်ကားလျက်ရှိသည့်အပြင် ဗုဒ္ဓဝင်ဥယျာဉ်တော်ရေကန်ဘေးပတ်လည်တွင်လည်း လိပ်စာငါးစာကျွေး၍ ကုသိုလ်ယူကြသူများအပန်းဖြေသူများနှင့် စည်ကားလျက်ရှိပါသည်။

 ဟုမ္မလင်းမြို့ ဘုရားပုထိုးအလှူခံမဏ္ဍပ်များ၌ ကလေး၊ လူကြီးမရွေး စုရုံးလှူဒါန်းနေကြသကဲ့သို့ တစ်ဦးချင်းအလှူရှင်များ၊ စုပေါင်းအလှူရှင်များကလည်း စားဖွယ်သောက်ဖွယ်များကို ဘုရားဖူးလာပရိတ်သတ်များအား စတုဒိသာကျွေးမွေးလှူဒါန်းနေသူများအပါအဝင် ဒါန၊ သီလ၊ ဘာဝနာကောင်းမှုကုသိုလ်များကိုလည်း ဆည်းပူးအားထုတ်လျက်ရှိကြကြောင်း သိရသည်။   

ဟုမ္မလင်း( ပြန်/ဆက်)