မြဝတီမြို့ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ရွှေမြင်းဝန်စေတီတော်မြတ်ကြီးတွင် စုပေါင်းဆွမ်းတော်ကြီး ကပ်လှူပူဇော်

မြဝတီ အောက်တိုဘာ ၁၈

ကရင်ပြည်နယ်၊ မြဝတီမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ရွှေမြင်းဝန် စေတီတော်မြတ်ကြီးအား စုပေါင်းဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲကို ယနေ့နံနက် ၆ နာရီက အဆိုပါစေတီတော်မြတ်ကြီး မြောက်ဘက်မုဒ်၊ မဟာမြတ်မုနိရုပ်ပွားတော်ဝတ်အတွင်း ကျင်းပသည်။

ဦးစွာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မြဝတီမြို့၊ မြသုခ၊ အမှတ် (၂၇၅) တပ်ဦးကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တ ဒေါက်တာ ပညာနန္ဒနှင့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊  အဖွဲ့ဝင်(၂) ဦးစိန်သောင်း၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူ ဆောက်တည်ကြကာ တပ်ဦးကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တ ဒေါက်တာပညာနန္ဒက သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ဖြစ်ပေါ်လာပုံကို မြွက်ကြားပေးသည်။

ဆက်လက်ပြီး မြဝတီမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဘုရားရှင်အား ရည်မှန်းကုသိုလ်ပြုကာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က စုပေါင်း၍ ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းပူဇော်ကြသည်။ ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊  အဖွဲ့ဝင် (၂) ဦးစိန်သောင်း၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဧည့်ပရိသတ်အပေါင်းတို့က ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်  အာရုဏ်ဆွမ်း  ဆက်ကပ်လှူဒါန်းပေးပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)